
ပုသိမ်မြို့ ရကအ (၆) တဂေါင်းဘုရားလမ်းက Design King အထည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးနဲ့ ဆိုင်အလုပ်သမား ၁ ဦးတို့ကို အိမ်အကူအား နှိပ်စက်ခဲ့တယ်ဆိုပြီး တိုင်းတန်ချက်ကြောင့် ဇွန်လ ၂၈ ရက်နေ့မှာ ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီး စစ်ဆေးနေပါတယ်။
လက်ရှိမှာတော့ စွပ်စွဲခံရသူသုံးဦးကို အာမခံပေးပြီး စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီး ခင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။
Design King အထည်ဆိုင် နေအိမ်မှာ အိမ်အကူအဖြစ်အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မနော်ဘွေဒီးဝါးကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဆိုင်ပိုင်ရှင် ထက်လင်းသော် နဲ့ ဇနီးဖြစ်တဲ့ မဇင်မင်းသူတို့က နေ့စဉ်ဆဲဆိုပြီး ခါးပတ်နဲ့ရိုက်တာ၊ မီးပူနဲ့ထိုးတာ နေအိမ်ထဲမှာ အတွင်းခံဝတ်စုံနဲ့ဓာတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့ပြီး ဆိုင်အလုပ်သမားဖြစ်တဲ့ အောင်အောင်ကလည်း မကြာခဏ ထိုးကြိတ်ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။
ရိုက်နှက်ခံရတာတွေကြောာင့် မနော်ဘွေးဒီးဝါးက အိမ်ကိုပြန်ပို့ဖို့ ပြောပေမယ့် မိခင်က လာတွေ့တဲ့ အခါမှာလည်း တွေ့ဆုံပေးခြင်းမရှိဘဲ ဆုံးမတယ်ဆိုကာ ရိုက်နှက်တာတွေလုပ်ခဲ့ပြီး ဇွန် ၁၈ ရက်နေ့မှာတော့ ၃ ဦးစလုံးက ဝိုင်ဝန်းရိုက်နှက်တာမှာ ဒဏ်ရာတွေရရှိကာ နေအိမ်က ထက်ပြေးပြီး မိခင်နဲ့တိုင်ပင်ပြီး ရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲကတော့ အိမ်အကူကိုနှိပ်စက်မှုနဲ့ ထက်လင်းသော်၊ မဇင်မင်းသူ၊ အောင်အောင် တို့ သုံးဦးကို ပုသိမ်နယ်မြေရဲခန်း (ပ) ၂၉၇ / ၂ဝ၁၈ နာကျင်စေမှုပုဒ်မတွေဖြစ်တဲ့ ရာဇသတ်ကြီးပုဒ် ၃၅၄/၃၅၂/၃၂၄/၃၂၃၊ ညစ်ညမ်းစေမှု ပုဒ်မ ၂၉၄၊ အသားရေဖျက်မှု ပုဒ်မ ၅ဝဝ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွငိ့စစ်ဆေးနေပါတယ်။
ဒါအပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးတပ်ဖွဲ့ကလည်း လူကုန်ကူးမှုတွေနဲ့ ညိစွန်းခြင်းရှိမရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး











