DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာ
DVB
·
June 29, 2018
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာ
Donate to DVB

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ၁၃ ဦးရဲ့ အမည်စာရင်းကို အဖွဲ့ချုပ်က ဇွန် ၂၉ ရက်စွဲနဲ့  ကြေညာပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို အသေးစိတ် စိစစ်ရွေးချယ်ခဲ့တာလို့ အဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“မြို့နယ်တွေက တင်ပြတာ၊ ခရိုင်က တင်ပြတာ အဲဒီပေါ် မူတည်ပြီးတော့ တိုင်းက ပြန်လည်စိစစ်ပါတယ်။ မြို့နယ် ခရိုင်တိုင်းရဲ့ တင်ပြချက်တွေအပြင် သူတို့ ထောက်ခံရွေးချယ်ခြင်းမပြုဘဲ လျှောက်ထားသူ အားလုံးကိုလည်း ကျနော်တို့ ထည့်သွင်း စဉ်းစားပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းက တာဝန်ရှိသူကိုပါ ခေါ်ယူမေးမြန်းပြီးတော့မှ အသေးစိတ် စစ်ဆေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်”

ဒါ့အပြင် အဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း အမျိုးသမီးနဲ့ လူငယ်ကို ဦးစားပေး ရွေးတယ်၊ တိုင်းရင်းသားဒေသတွေအတွက် တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်တဲ့ ဒေသခံ တိုင်းရင်းသားတွေကို ဦးစားပေး ရွေးချယ်တယ်လို့လည်း ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေအဖြစ် ပြည်သူ့လွှတ်တော်အတွက် ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်မှာ ဦးညွန့်ဝင်း၊ လဲချားမြို့နယ်မှာ စိုင်းအောင်ထွန်းလေး၊ တာမွေမြို့နယ်မှာ ဦးတိုးဝင်းနဲ့ မြင်းခြံမြို့နယ်မှာ ဦးစိန်မြင့်တို့ကို ရွေးချယ်ထားပါတယ်။

အမျိုးသားလွှတ်တော်အတွက်  မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ ဝင်ပြိုင်ဖို့  ဒေါ်ယမ်ခေါန်ကို ရွေးချယ်ထားပြီး မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် စိုင်းပန်းဆိုင်ကို ရွေးချယ်ထားပါတယ်။

ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေအတွက်တော့ မတူပီမှာ ဦးအောင်ထန်း၊ တမူးမှာ ဦးအောင်ရွှေ၊ အုတ်တွင်းမှာ ဦးကျော်ဇေယျ၊ သပိတ်ကျင်းမှာ ဦးစိုးလွင်၊ ရသေ့တောင်မှာ ဦးခင်သန်းမောင်၊ မင်းဘူးမှာ ဦးကျော်ငွေနဲ့ ဆိပ်ကမ်းမြို့နယ်မှာ ဦးသန်းထိုက်အောင်တို့ကို အသီးသီး ရွေးချယ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွက် အဖွဲ့ချုပ်က ကိုယ်စားလှယ် ရွေးချယ်ခဲ့ရာမှာ ဒေသခံ မဟုတ်တဲ့သူကို ရွေးချယ်ခဲ့လို့ အဖွဲ့ချုပ်ကိုယ်စားလှယ် ရှုံးနိမ့်ခဲ့ဖူးပါတယ်။

အလားတူ ကယားပြည်နယ်အတွက် ကိုယ်စားလှယ်လောင်း အမည်ကို ကော်မရှင်ထံ အချိန်မီ မပို့နိုင်ခဲ့လို့ လည်း အမတ်တနေရာ ဆုံးရှုံးခဲ့ဖူးပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီအနေနဲ့ တိုင်းဒေသကြီး အတွင်းက မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ အလားအလာရှိပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာအတွက် ကိုယ်စားလှယ်တွေ ရွေးချယ်မယ့် ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက် စနေနေ့မှာ ကျင်းပမှာ ဖြစ်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013