DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီးလီ နေရာတွင် အသစ်အစားထိုး ခန့်အပ်ရန် မြန်မာ ထပ်မံတောင်းဆို  
DVB
·
June 29, 2018
မစ္စယန်ဟီးလီ နေရာတွင် အသစ်အစားထိုး ခန့်အပ်ရန် မြန်မာ ထပ်မံတောင်းဆို  
Donate to DVB

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ နေရာမှာ လူသစ်တဦး အစားထိုးခန့်အပ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မြန်မာအစိုးရက ထပ်မံ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၂၇ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၃၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ  မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီရဲ့ တင်ပြချက်အပေါ် မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက တုံ့ပြန်ပြောကြားလိုက်တာပါ။

“လက်ရှိ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ဓမ္မဓိဋ္ဌာန်မကျမှုနဲ့ ကုလသမဂ္ဂ ဝန်ထမ်း ကျင့်ထုံးတွေကို လိုက်နာမှုအားနည်းတာတွေကြောင့် ဆက်လက်ပူးပေါင်းပါက အကျိုးမရှိဘူးလို့  မြန်မာပြည်သူတွေက သုံးသပ်ခဲ့တာကြောင့် မိမိတို့အနေနဲ့ ၎င်းအစား အထူးအစီရင်ခံစာ တင်သွင်းသူ အသစ်ခန့်အပ်ပေးဖို့ လူ့အခွင့်အရေးကောင်စီအား အရင်ကတည်းက တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ဒီမေတ္တာရပ်ခံချက်အပေါ် လျစ်လျူရှုနေတာ ဝမ်းနည်းစရာ ဖြစ်တယ်”လို့  အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ လုံခြုံရေးအခြေအနေဟာ အကြမ်းဖက်အုပ်စု ARSA အဖွဲ့က မောင်တောဒေသရှိ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ပြီးနောက် ယိုယွင်းလာနေတယ်၊ အိုးပစ်အိမ်ပစ် ထွက်ပြေးရသူတွေထဲမှာ မူဆလင်နဲ့ ရခိုင်တွေသာမက လူနည်းစု ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူတွေ ပါဝင်နေပေမယ့် နိုင်ငံတကာက ဥပေက္ခာပြုထားကြတယ်၊  တချို့ဆိုရင် အကြမ်းဖက်အုပ်စုကိုတောင် အမွှန်းတင် ကာကွယ်ပြောကြားနေကြတယ်၊၊ အထူး အစီရင်ခံစာတင်သွင်းသူရဲ့ မိန့်ခွန်းမှာ ARSA ရဲ့တိုက်ခိုက်မှုတွေနဲ့ ဟိန္ဒူ ၉၉ ယောက်ကို သတ်ဖြတ်မှုတွေကို မဖော်ပြခဲ့တာဟာ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ဘက်လိုက်မှုနဲ့ မမျှတမှုကို ပြသနေတာ ဖြစ်တယ်လို့လည်း မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ လျစ်လျူရှုနေမှာ မဟုတ်ဘဲ အထောက်အထား ခိုင်လုံပါက ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်၊ အစိုးရအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်သူတွေ ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ရေးကော်မရှင် ဖွဲ့စည်းသွားမယ်လို့လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ စပ်လျဉ်းပြီး အစီရင်ခံစာကို နှုတ်နဲ့ တင်သွင်းသွားခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး အိုင်စီစီမှာ စုံစမ်းစစ်ဆေးဖို့ အခိုင်အမာ တောင်းဆိုတယ်လို့ မစ္စယန်ဟီးလီက လူ့အခွင့်အရေး ကောင်စီမှာ ပြောသွားပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာပြည် တခြားဒေသတွေမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်ဖွယ်ရှိတဲ့ အမှုတွေ အများကြီး ကျူးလွန်တဲ့ အချက်အလက် အထောက်အထားတွေ ရှိထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကို ဖျက်သိမ်းဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ကန့်သတ်ချုပ်ချယ်ထားတဲ့ စနစ်တွေကို ဖျက်သိမ်းဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုသွားပါတယ်။

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013