DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ရေကြီး
DVB
·
July 10, 2012
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေလျှံကျလို့ ရပ်ကွက် တော်တော်များများ ရေလွှမ်းခဲ့ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် လားရှိုးမြို့တောင်ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ တောင်တန်းပေါ်က ရေတွေ ဆင်းကျလာပြီး ရပ်ကွက် ၁၊ ၅၊ ၇၊ ၈၊ ၉ နဲ့ ၁၂ စတဲ့ စုစုပေါင်း ရပ်ကွက် ၆ ခုထဲကို ရေတွေ ၀င်လာခဲ့တယ်လို့ လားရှိုးဒေသခံတဦးက ပြောပါတယ်။

အထူးသဖြင့် မြို့ရဲ့ အနောက်ဘက်တကြောမှာ ပတ်ပြီးစီးဆင်းနေတဲ့ နမ့်ခိုက်ချောင်းဘေးက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေတွေ အနည်းဆုံး ၁ ပေကနေ အမြင့်ဆုံး ရင်ခေါင်းထိ တက်လာတယ်လို့ ဆိုပါတယ်။

ရေလွှမ်းမိုးမှုကြောင့် အုတ်တံတိုင်းတွေ ပြိုကျပြီး လူနေအိမ်အနည်းငယ် ပျက်စီးခဲ့တယ်လို့ လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် က ပြောပါတယ်။

“ရေကြီးလို့ ပျက်စီးတာက ရပ်ကွက် ၁ နယ်မြေ ၇ က အိမ် ၆ အိမ် အုတ်တံတိုင်းပြိုတယ်။ အိမ်တလုံးပြိုတယ်။ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရကြတယ်။ ဓမ္မာရုံမှာ နေရာချထားပေးတယ်၊ လူ ၆၀ လောက်ရှိတယ်။ ရပ်ကွက်က ထမင်းထုပ်ဝေတယ်။ ရပ်ကွက် ၉ နယ်မြေ ၃ က ကျေးရွာကတော့ အုတ်တံတိုင်းပြိုတယ်။ လူကူး သစ်သား ချောင်းတံတားတွေ ပါသွားတယ်တဲ့။ ”

ချက်ပြုတ်စားသောက်ရ ခက်ခဲသွားတဲ့ ဒေသခံတွေကို လားရှိုးမြို့ခံ အချင်းချင်းက ထမင်းထုပ်တွေ ဝေငှခဲ့သလို လားရှိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရပ်ကွက် ၉၊ နယ်မြေ ၄ က မိသားစု ၂၀ ကျော် အတွက် ထမင်းထုပ်နဲ့ ရေသန့်ဘူးတွေ ဝေငှခဲ့တယ်လို့ ဦးစိုင်းမြင့်မောင်က ဆက်ပြောပါတယ်။

လားရှိုးမှာ ဒီလိုတောင်ကျချောင်းရေလျှံပြီး ရေကြီးတာ အရင်နှစ်တွေကလည်း ဖြစ်ဖူးပေမယ့် ဒီနှစ်မှာတော့ ရေလွှမ်းဧရိယာ ပိုကျယ်လာတယ်လို့ ဆိုပါတယ်။

နမ့်ခိုက်ချောင်းနံဘေးမှာ လူနေအိမ်တွေ တိုးလာပြီး အုတ်နံရံတွေ ဆောက်ကြတဲ့ အတွက် ရေချောင်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ခုလိုရေတွေ လျှံကျလာတာလို့ ဒေသခံ တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013