DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့အကျိုးအတွက် မီဒီယာလက်နက်ဖြင့် ဆောင်ကြဉ်းပေးရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
DVB
·
June 29, 2018
နိုင်ငံ့အကျိုးအတွက် မီဒီယာလက်နက်ဖြင့် ဆောင်ကြဉ်းပေးရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
Donate to DVB

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာရဲ့အခန်းကဏ္ဍ အရေးကြီးကြောင်းနဲ့ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် အပြုသဘောဆောင် ဖော်ပြပြီး နိုင်ငံ့အကျိုးအတွက် မီဒီယာ လက်နက်နဲ့ ဆောင်ကြဉ်းပေးဖို့ ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၂၈ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ လက်ခံတွေ့ဆုံ ပြောကြားလိုက်တာပါ။

ပြည်သူတွေရဲ့ စိတ်ဓာတ်မြှင့်တင်ပေးရာ ရောက်တဲ့ သတင်းတွေကို အပြုသဘောဆောင်ပြီး မျှတစွာဖြင့်ရေးသားဖေါ်ပြဖို့နဲ့ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တွေ ရှင်သန်တိုးပွားလာအောင် မီဒီယာတွေကဖော်ပြပေးဖို့ တပ်မတော် အကြီးအကဲက ပြောပါတယ်။

“တိုင်းပြည်ချစ်စိတ်ရှိမှသာ တိုင်းပြည်အားရှိမယ်၊ သဘောထားချင်း၊ အယူ အဆချင်း၊ အကျိုးစီးပွားချင်းမတူညီပေမယ့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တွေတူညီရန်လိုတယ်၊ ယခု အခါမိမိတို့နိုင်ငံဟာ ပြည်သူတွေက ရွေးချယ်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတယ်”လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့  တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့် သတ်ဖြတ်မှုမရှိဘဲ ပြည်သူတွေကို လက်နက်ကိုင်အနိုင်ကျင့် ခြိမ်းခြောက်နေသူတွေကိုသာ တိုက်ခိုက်နေခြင်းဖြစ်တယ်၊ မိမိတို့တပ်မတော်ကို ပြည်သူကအားကိုးရတဲ့၊ တိုင်းပြည်က အားထားရတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ(၁)ဦးအုန်းကြိုင်ကတော့ မိမိတို့အနေနဲ့ တပ်မတော်နဲ့ သဘောထားတူညီမှုရှိပြီး ခုအခါအပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ထားနိုင်ပြီဖြစ်တယ်လို့ ပြောပါတယ်။

“မီဒီယာအား နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် တည်ရှိဖို့ ယခင်သတင်းစာဆရာကြီးတွေ အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်၊ တပ်မတော်အနေနဲ့ “ပြည်ကြီးပုခုံး၊ ပြည့်လက်ရုံး” မီဒီယာအနေနဲ့ “ပြည်ကြီးပခုံး၊ ပြည့်မျက်လုံး” ဆိုတဲ့ ၀န်ကြီးပဒေသရာဇာရဲ့ ဆိုရိုးစကားရှိပါတယ်၊ မိမိတို့အနေနဲ့ မဏ္ဍိုင်ကြီး ၄ ရပ် ဆွေးနွေးပွဲတွေကို တိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့တယ်၊ မီဒီယာအနေနဲ့ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ တပ်မတော်အနေနဲ့ အာဏာသိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေကိစ္စ၊ လိုရာဆွဲပြီး မဟုတ်မမှန်သတင်းတွေ ထုတ်ပြန်ကာ တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ကိစ္စရပ်၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာကိစ္စရပ်တွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင် တက်ရောက်ခဲ့တဲ့ သတင်းမီဒီယာကောင်စီက ကိုကျော်စွာမင်း ကတော့ "ပြည်ထဲရေးလက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သတင်းမီဒီယာတွေနဲ့ နည်းနည်းလေး စိမ်းနေတာရှိတယ်။ အဲ့ဒါကို ကာကွယ်ရေးဦးစီးချုပ်ကနေ ပြည်ထဲရေးကနေတဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတင်းမီဒီယာတွေနဲ့တွေ့ဖို့ ရင်းနှီးယုံကြည်မှု တည်ဆောက်ဖို့အတွက် လုပ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်က ကတိပေးပါတယ်"လို့  တွေ့ဆုံပွဲအပြီးမှာ ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အတူ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်တော့ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင်နဲ့ အတူ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစောနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013