DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ခေတ်ဂျာနယ် ၂ နှစ်ပြည့် စာနယ်ဇင်းလွတ်လပ်ခွင့် ဆွေးနွေးပွဲ ကျင်းပ
DVB
·
July 10, 2012
ပြည်သူ့ခေတ်ဂျာနယ် ၂ နှစ်ပြည့် စာနယ်ဇင်းလွတ်လပ်ခွင့် ဆွေးနွေးပွဲ ကျင်းပ
1 / 2
Donate to DVB

ပြည်သူ့ခေတ်ဂျာနယ် ၂ နှစ်ပြည့် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်မြို့က ယုဇနဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ခေတ်ဂျာနယ်က မောင်ဝံသနဲ့ ဖေမြင့်၊ စာနယ်ဇင်းသမားတွေဖြစ်တဲ့ ဇော်သက်ထွေးနဲ့ ဧရာဝတီသတင်းဌာနက ကျော်စွာမိုး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်တို့က စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားတွေကို ဆွေးနွေး တင်ပြခဲ့ကြပါတယ်။

အခမ်းအနားကျင်းပခဲ့ပုံကို အခမ်းအနားတက်ရောက်ပြီး သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဝင်းမော်က အခုလိုပြောပါတယ်။

“သူတို့တွေ ပြောစရာရှိတာ ပြောတယ်။ လွတ်လပ်ခြင်းအတွက် ဆွေးနွေးကြတယ်။ တယောက်ချင်းရဲ့ အမြင်တွေကို ပြောတယ်။ မေးတာတွေကို ဖြေတယ်။ ဒါပါပဲ။”

စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အခမ်းအနား တက်ရောက်လာတဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကိုလည်း ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သတင်းဖြစ်ရပ်တခုကို အခုလို ဥပမာပေးပြီး ဖြေဆိုခဲ့ပါတယ်။

“အာဏာရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး တသက်လုံး လုပ်လာခဲ့ကြတာ။ နောက်ဆုံး သူတို့ရဲ့ နားလည်မှု စာချွန်လွှာထိုးတဲ့အချိန်ကျမှပဲ ကျနော်တို့က ဓာတ်ပုံလေးတပုံ ကြည့်ရတဲ့ဘ၀။ ဒီစီမံကိန်း ဘာဖြစ်လို့ ဘာဖြစ်မယ်၊ ဘာအကျိုးစီးပွားဖြစ်မယ်၊ သဘာ၀၀န်းကျင် ဘယ်လောက်ထိခိုက်မယ်၊ နောက်မျိုးဆက်တွေနဲ့ ကမ္ဘာမြေကြီးကို ဘာထိခိုက်မလဲ တခုမှ သိခွင့်မရှိဘူး။ အဲဒါကြောင့် ကျနော်တို့နိုင်ငံက နိုင်ငံသားတိုင်းဟာ ကိုယ့်ရဲ့ကိစ္စ အနာဂတ်အတွက် ဒီစီမံကိန်း၊ ၀န်ကြီးဌာနတွေရဲ့ ဆောင်ရွက်နေတဲ့ အလုပ်အကိုင် မှန်သမျှကို ကောင်းကျိုးဆိုးကျိုး ဘယ်လောက်ရှိမလဲ အတွင်းကျကျ သိနိုင်ဖို့ အားလုံး ၀ိုင်းပြီးတော့ ရအောင် အားစိုက်ကျပါ။ ကျနော်တို့လည်း ကျနော်တို့နည်းနဲ့ ကျနော်တို့ အင်အားရှိသမျှ ကျနော်တို့ အားစိုက်ပါ့မယ်။”

ပြည်သူ့ခေတ်ဂျာနယ်က ကြီးမှူးကျင်းပတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆွေးနွေးပွဲကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့လို နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းလောကသားတွေ ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံရေးဦးစားပေး ဂျာနယ်တစောင်ဖြစ်တဲ့ ပြည်သူ့ခေတ်ဂျာနယ် ၁ နှစ် ပြည့်ခဲ့တုန်းကလည်း အလားတူ အခမ်းအနားမျိုး ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

အခု အခမ်းအနားကျင်းပချိန်ဟာ စာပေစိစစ်ရေးက သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ပြန်လည် စိစစ်ကိုင်တွယ်နေချိန်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013