DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို အိုင်စီအာစီက အကူအညီများ တိုးမြှင့်ပေးသွားမည်
DVB
·
June 28, 2018
ရခိုင်ပြည်နယ်ကို အိုင်စီအာစီက အကူအညီများ တိုးမြှင့်ပေးသွားမည်
Donate to DVB

ရခိုင်ပြည်နယ်မှာရှိနေတဲ့ အကူအညီပေးရေးလုပ်ငန်းစဉ်တွေ တိုးချဲ့ဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ) ဥက္ကဋ္ဌ ပီတာမာယူရာက ရခိုင်ပြည်နယ်ကို အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့  ပြောပါတယ်။

ရခိုင်ခရီးစဉ်အပြီး ဒီကနေ့ နေ့လယ်ပိုင်းက စစ်တွေလေဆိပ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် အခုလိုပြောဆိုလိုက်တာပါ။

ငွေကြေးအတိုင်းအတာအနေနဲ့ ကိန်းဂဏန်း အတိအကျကိုလောလောဆယ်မှာ ပြောဖို့ခက်တယ်ဆိုပေမယ့် လုပ်ငန်းဆောင်ရွက်ဖို့ အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ အိုင်စီအာစီဥက္ကဋ္ဌ ပီတာမာယူရာက ပြောပါတယ်။

“လောလောဆယ်မှာတော့ ကိန်းဂဏန်းအတိအကျပြောဖို့ အချိန်မတန်သေးပါဘူး။ ကိန်းကဏန်းအတိ အကျတော့ မပြောပါဘူး။ ဒါပေမယ့် ကျနော်အနေနဲ့ ယုံကြည်ချက်ရှိ တာကတော့ အလှူရှင်တွေအနေနဲ့ အိုင်စီအာစီကို ဒီမှာလုပ်ငန်းတွေဆောင်ရွက်ပေးဖို့ ရန်ပုံငွေတွေပိုမိုပေးမယ်ဆိုတာကတော့ ကျနော်အနေနဲ့တော့ ယုံကြည်ပါတယ်”လို့ပြောပါတယ်။

ဒီလိုအကူညီအပေးတဲ့အခါမှာလည်း ရခိုင်- မွတ်ဆလင်- ဟိန္ဒူလို့ လူမျိုးဘာသာတွေကို မခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးနေတာလို့လည်း ဥက္ကဋ္ဌက ဆိုပါတယ်။

“ကျနော်တို့ လိုအပ်ချက်အပေါ်မှာမူတည်ပြီးတော့ ပံ့ပိုးမှုတွေ ဆောင်ရွက်ပါတယ်။ ရခိုင်ဖြစ်စေ၊ မွတ်ဆလင်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ တခြားတိုင်းရင်းသား၊ တခြားဘာသာဝင်တွေ ဖြစ်ပါစေသူတို့ရဲ့လိုအပ်ချက် အပေါ်မှာ မူတည်ပြီးတော့ တုန့်ပြန်ဆောင်ရွက်မှုတွေပေးပါတယ်။ ကျနော်တို့ အိုင်စီအာစီအနေနဲ့ ဒုက္ခရောက်တဲ့သူတွေကို ကူညီပေးတဲ့နေရာမှာ ကြားနေတဲ့ လွတ်လပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို ဆောင်ရွက်ပါတယ်”လို့ ပြောပါတယ်။

အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမာယူရာရဲ့ ၃ ရက်တာ ရခိုင်ခရီးစဉ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဘူးသီးတောင်-မောင်တောမြို့နယ်တွေကို သွားရောက်ခဲ့ပြီး ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူစတဲ့ တိုင်းရင်းသားတချို့နဲ့လည်း တွေ့ဆုံခဲ့သလို ဒီကနေ့မနက်ပိုင်းမှာ ရခိုင်လူမှု အဖွဲ့အစည်းတွေအပါအဝင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နဲ့လည်းတွေ့ဆုံ ခဲ့ပါတယ်။

အိုင်စီအာစီ ဥက္ကဋ္ဌ ပီတာမာယူရာဟာ ဒီကနေ့ နေ့လယ်ပိုင်းသတင်းထောက်တွေနဲ့ နာရီဝက်ကြာ တွေ့ဆုံအပြီးမှာတော့ ကမ္ဘောဇလေကြောင်းလိုင်း စစ်တွေ လေဆိပ်ကနေ ထွက်ခွာသွားကြပါတယ်။

အိုင်စီအာစီ ဥက္ကဋ္ဌဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့လည်း အိုင်စီအာစီက ကြေညာထားပြီး ဇွန် ၂၉ ရက်မှာတော့  မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်း တွေကိုဆက်လက် သွားရောက်မှာပါ။

သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013