DVB Logo
Home
Lead Story
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လောက်ရနေပြီလဲ
DVB
·
June 28, 2018
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လောက်ရနေပြီလဲ
Donate to DVB

အလုပ်အကိုင် အခွင့်အလမ်းလို့ ဆိုလိုက်ရင် ပထမဆုံး မြင်မိကြမှာက မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေပါ။ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုတွေကြောင့် ပြည်ပကိုထွက်ပြီး လုပ်ကိုင်နေကြရသူတွေက အများဆုံးဆိုရင်လည်း မမှားပါဘူး။ မြန်မာအစိုးရရဲ့ တွက်ချက်မှုတွေအရ အခြားနိုင်ငံတွေမှာ သွားရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၄ ဒသမ ၂၅ သန်း ရှိတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အဖွဲ့အစည်း (IMO) က ပြောဆိုထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ ဘယ်ကိုသွားကြသလဲ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းတွေအရ ဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးသွားကြတဲ့ နိုင်ငံတွေဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်နဲ့ ကာတာနိုင်ငံတွေပါ။

ပြည်ပမှာရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲက ၇၀ ရာခိုင်နှုန်းလောက်က ထိုင်းနိုင်ငံမှာ ရှိနေကြပြီး မလေးရှားနိုင်ငံမှာ ၁၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ စင်ကာပူနိုင်ငံမှာ ၃ ဒသမ ၉ ရာခိုင်နှုန်း၊ အမေရိကမှာ ၁ ဒသမ ၉ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ IMO က ခန့်မှန်းတွက်ချက်ထားပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ အများဆုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ၃ သန်းကျော် နေထိုင်နေကြတယ်လို့ ခန့်မှန်းထားတာပါ။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လအလိုက် သွားနေတဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ လစဉ် ပျမ်းမျှတွက်ရင် တသောင်းခွဲဝန်းကျင် ရှိပါတယ်။  အခု ၂၀၁၈ ခုနှစ်မှာ ဇန်န၀ါရီလကနေ ပြီးခဲ့တဲ့ ဧပြီလအထိ လေးလတာ ကာလအတွင်းမှာပဲ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ ၆ သောင်းခွဲကျော် ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီလေးလမှာ သွားကြတဲ့ အရေအတွက်ကို ကြည့်ရင် ထိုင်းနိုင်ငံကို ၆ သောင်းခွဲကျော်၊ မလေးရှားနိုင်ငံကို အယောက် ၂၈၀၀ ကျော်နဲ့ ကိုရီးယားနိုင်ငံကို အယောက် ၂၀၀၀ ကျော် အစဉ်လိုက် အများဆုံး သွားရောက်ကြတာကို တွေ့ရပါတယ်။

ဘယ်ဒေသတွေက အများဆုံး လာကြသလဲ

နောက်ဆုံးထုတ်ပြန်တဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို ကိုးကားပြီး IMO ရဲ့ တွက်ချက်ထားမှုမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား အများဆုံးလာတဲ့ နေရာဟာ မွန်ပြည်နယ်ဖြစ်ပြီး လူဦးရေ ၄ သိန်းကျော်အထိ ရှိပါတယ်။  ကရင်ပြည်နယ်ဟာ ဒုတိယအများဆုံးဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားဦးရေ ၃ သိန်းကျော်နဲ့ ရှမ်းပြည်နယ်ကတော့ တတိယအများဆုံးနဲ့ လူဦးရေ ၂ သိန်းကျော် ရှိတာကို တွေ့ရပါတယ်။

လုပ်ခလစာ ကွာဟမှု

မြန်မာအစိုးရက အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို အခုလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။  အလုပ်ချိန် ၈ နာရီအတွက် ၁ နာရီကို ၆၀၀ ကျပ်နှုန်းနဲ့ တနေ့ ၄၈၀၀ ကျပ် ထုတ်ပြန်ခဲ့တာပါ။ တနေ့ ၄၈၀၀ ကျပ်ဆိုတဲ့ ပမာဏဟာ ဒေါ်လာနဲ့တွက်ရင် ၃ ဒေါ်လာခွဲပဲ ရှိပါတယ်။  ဒီပမာဏဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ နည်းနေသေးတယ်လို့ ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်တော့ ပျမ်းမျှ အနည်းဆုံး လုပ်ခလစာဟာ ၃၁၅ ဘတ် ဖြစ်နေပါပြီ။ ဒေါ်လာနဲ့ဆိုရင် ၁၀ ဒေါ်လာနီးပါးလောက် ရှိပြီး မြန်မာနိုင်ငံက အနည်းဆုံး လုပ်ခလစာထက် ၂ ဆ ပိုမိုများနေတာပါ။ ဗီယက်နမ်မှာတော့ ၆ ဒေါ်လာဝန်းကျင် ရနေပါတယ်။  မလေးရှားမှာလည်း ၈ ဒေါ်လာဝန်းကျင် ရှိပါတယ်။ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အသွားများတဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံဟာ ပြည်တွင်းက အနိမ့်ဆုံး လုပ်ခထက် ၂ ဆကျော် များတာကို တွေ့ရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းနဲ့ ရင်းနှီးမြှုပ်နှံမှု

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းဟာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။ ရင်းနှီးမြှုပ်နှံမှုတွေ များပြီး လုပ်ငန်းတွေ များများလည်ပတ်မှ အလုပ်အကိုင် အခွင့်အလမ်း များများပေးနိုင်မယ်ဆိုတဲ့ သဘောပါ။ ရင်းနှီးမြှုပ်နှံမှု ဆိုရာမှာ နိုင်ငံသားတွေ မြှုပ်နှံမှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှစ်မျိုးရှိနေတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံဖြစ်သလို ငွေကြေးအရင်းအနှီး အင်အားလည်း မတောင့်တင်းသေးတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ဓနအင်အား ကြီးမားတဲ့ တခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အင်အားက အရေးပါပါတယ်။  တခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံမှုများလေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပေါလာလေလို့ ပြောရမှာပါ။ မြန်မာနိုင်ငံမှာ အရင်က စစ်အစိုးရခေတ် တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့ချိန်မှာ နိုင်ငံပေါင်းများစွာက ရင်းနှီးမြုပ်နှံမှုတွေ အဆက်သွယ်ဖြတ်ခဲ့ကြပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က စလို့ တံခါးဖွင့်ဝါဒ ပြန်လည်ကျင့်သုံးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ခဲ့ချိန်မှာ ရင်းနှီမြှုပ်နှံမှုအသစ်တွေ ဝင်လာကြပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ ပြန်လျော့ကြလာတာကို တွေ့ရပါတယ်။  ဦးသိန်းစိန်အစိုးရလက်ထက်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော် ဝင်ရောက်ခဲ့သလို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ဝင်ရောက်ခဲ့ပါတယ်။ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလျံကျော်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၅ ဘီလျံကျော် ဝင်ရောက်ခဲ့တာပါ။

လုပ်အားအရင်းအမြစ်တွေ မဆုံးရှုံးဖို့

အချုပ်အနေနဲ့ဆိုရင်တော့ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းဟာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပိုမိုများပြားလာမှုနဲ့ တိုက်ရိုက်ဆက်စပ်နေသလို တဦးချင်ဝင်ငွေကိုလည်း မြင့်မားလာစေပါတယ်။  မြန်မာနိုင်ငံက လက်ရှိမှာတော့ ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် တဦးချင်းဝင်ငွေ နိမ့်နေပါသေးတယ်။ လက်ရှိ ကိန်းဂဏန်းတွေအရ မြန်မာပြည်ကနေ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ လူဦးရေ ၄ သန်းကျော်ရဲ့   လူသားအရင်းအမြစ် အင်အားဟာ နိုင်ငံအတွက် နစ်နာစေတဲ့ထဲက အချက်တချက်ပါ။ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ ဒီလိုလုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ထပ်ပြီး မဆုံးရှုံးဖို့ဆိုရင် ကိုယ့်နိုင်ငံမှာ အသင့်အတင့်သော ဝင်ငွေနှုန်းတခုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမှ ဖြစ်တော့မှာပါ။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013