DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ရာဘာအထွက်နှုန်း တန်ချိန်သောင်းနှင့်ချီ လျော့ကျလာနေ
DVB
·
June 28, 2018
မွန်ပြည်နယ်တွင် ရာဘာအထွက်နှုန်း တန်ချိန်သောင်းနှင့်ချီ လျော့ကျလာနေ
Donate to DVB

မွန်ပြည်နယ်ထွက် ရာဘာတွေဟာ အရည်အသွေးမပြည့်မီဘဲ ဈေးနှုန်းနိမ့်ကျနေတဲ့အပြင် ရာဘာထွက်နှုန်းပါ တန်ချိန် သောင်းနဲ့ချီ လျော့ကျလာနေတယ်လို့ မွန်ပြည်နယ် ရာဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းထံက သိရပါတယ်။

မွန်ပြည်နယ်မှာ အရင်နှစ်တွေက တနှစ်ကို ရာဘာတန်ချိန် ၁ သိန်းလောက် ထုတ်လုပ်နိုင်ခဲ့ပေမယ့်လည်း အခုနှစ်အပါအဝင် ၃ နှစ်ဆက်တိုက် တနှစ်ကို ရာဘာတန်ချိန် ၆ သောင်းကျော်သာ ထုတ်လုပ်နိုင်တော့တာပါ။

မွန်ပြည်နယ် စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က “ရာဘာအခြေအနေကတော့ ဈေးမကောင်းဘူး။ ရာဘာအထွက်နှုန်းလည်း ကျလာတယ်။ ရာဘာအထွက်နှုန်း ကျလာတာကလည်း အစေးခြစ်တဲ့လူတွေ မရှိဘူး။ ဧက ၃ သိန်းလောက် ခြစ်လို့ရရင် ဧက ၁ သိန်းလောက်က ခြစ်မယ့်လူ မရှိဘူး။ နှစ်တိုင်း ကျလာတယ်။ တချို့ခြံတွေ ဆိုရင် အလုပ်သမား မရှိဘူး။ ရာဘာခြံ ၄ ပုံ ၁ ပုံလောက်က မခြစ်ဖြစ်ဘူး။ အရင်နှစ်တွေက ၁ နှစ်ကို တန်ချိန် ၁ သိန်းထွက်ရင် အခုအများဆုံး ၆ သောင်း၊ ၇ သောင်းဝန်းကျင်ပဲ ထွက်တော့တယ်။”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ၅ သိန်းကျော်ရှိတဲ့အနက် ဧက ၃ သိန်းကျော်သာ ရာဘာစေး ခြစ်နိုင်ပြီး ကျန် ၂ သိန်းဝန်းကျင်ဟာ လုပ်သားရှားပါးမှုပြဿနာတွေ၊ ပင်အို ခုတ်လှဲ ထားတာတွေကြောင့် အထွက်နှုန်းလျော့ကျလာတာဖြစ်ပြီး ဒေသခံလုပ်သားတွေဟာလည်း ပြင်ပနိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်မှု များပြားလာတဲ့အတွက် ရာဘာခြံတွေမှာ ရာဘာစေးခြစ်မယ့် လုပ်သားတွေ ရှားပါးလာနေပါတယ်။

ရာဘာဈေးနှုန်း တဖြည်းဖြည်းအကျဘက်ကို ဦးတည်လာတဲ့အတွက် ရာဘာစိုက်ပျိုးသူ တချို့က အခြားသီးနှံတွေကိုပါ ပြောင်းလဲစိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။

နိုင်ကျန်ရစ်က “ထိုင်းမှာ ရာဘာဈေးတွေကျလို့ရှိရင် အစိုးရအနေနဲ့ ရာဘာတောင်သူတွေ ခံရသက်သာအောင် သင့်တင့်တဲ့ဈေးနဲ့ ဝယ်လိုက်တယ်။ ရာဘာဈေး ပြန်ကောင်းတဲ့အချိန်မှ ပြန်ထုတ်ရောင်းတယ်။ အဲဒီစနစ်ကို သူတို့အစိုးရက လုပ်ပေးနေတယ်။ အဲလို ဝယ်လိုက်တာက အစိုးရပိုက်ဆံနဲ့ မဟုတ်ဘူး။ တောင်သူတွေ ရာဘာကို နိုင်ငံခြားကို Export လုပ်တဲ့အခါ ၁ ပေါင်ကို ဘယ်လောက် ဆိုပြီးတော့ အာမခံကြေးဖြတ်ထားတာ ရှိတယ်။ အဲဒါတွေကို စုထားပြီးတော့ ရာဘာအခက်အခဲကြုံလာရင် ဒီလိုမျိုး ထုတ်သုံးလိုက်တာပေါ့။ ကျနော်တို့ဆီမှာ အဲဒါမရှိဘူး။ အစိုးရကလည်း မလုပ်ထားဘူး။ အဲလိုမျိုးလုပ်ပေးဖို့အတွက် အခုတိုင်ပင်ပြီး ရာဘာဥပဒေ ရေးဆွဲနေပါတယ်။ ကျနော်တို့က အခုမှစလုပ်မှာဆိုတော့ အနှစ် ၂ဝ လောက်တော့ နောက်ကျသွားတာပေါ့။” လို့ပြောပါတယ်။

မွန်ပြည်နယ်မှာ မြို့နယ် ၁ဝ ခုရှိတဲ့အနက် သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တို့မှာ ရာဘာထွက်နှုန်း အများဆုံးကျဆင်းနေတာဖြစ်ပြီး  လက်ရှိရာဘာပေါက်ဈေးမှာ ၁ ပေါင်ကို ၇၂ဝ ကျပ်၊ အရည်အသွေးမီ RCSS -1၊ RCSS-3 2 ၊ RCSS-3 တို့မှာ ၈၅ဝ ကျပ်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ရဲ့ အဓိကစီးပွားရေးတခုထဲမှာ ပါတဲ့ ရာဘာလုပ်ငန်းမှာ ရာဘာဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဝင်ငွေလျော့ကျကာ မိဘတွေက သားသမီးတွေကို ကျောင်းထုတ်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားကြတဲ့အတွက် လူငယ်တွေအတွက် ဝမ်းနည်းစရာ ကောင်းတယ်လို့ လူငယ်တဦးက တင်ပြတာကို ဇွန်လ ၁၄ ရက်က မော်လမြိုင်မြို့မှာ ကျင်းပခဲ့တဲ့  ငြိမ်းချမ်းရေး စကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားထားပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာတနိုင်ငံလုံးရှိ ရာဘာထွက်ကုန်ရဲ့ ၆၂ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနေတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013