ဗိုလ်ချုပ်မှူးကြီးအပါအဝင် စစ်ဘက်အရာရှိ ၁၃ ဦးကို အရေးယူရန် အေအိုင်အဖွဲ့ တောင်းဆို

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက် ထိပ်တန်းအရာရှိ ၁၃ ဦးကို အရေးယူဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
စာမျက်နှာ ၂ဝဝ နီးပါးပါဝင်တဲ့ ဒီအစီရင်ခံစာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်၊ နှိပ်စက်၊ မုဒိမ်းကျင့်၊ နှင်ထုတ်စတဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တာဝန်ရှိသူ ၁၃ ယောက် စာရင်းမှာ တပ်မတော်ဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူး သန့်ဇော်ဝင်း၊ ဗိုလ်မှူး အောင်မိုးသူ၊ နယ်ခြားစောင့်တပ်ဖွဲ့က ဗိုလ်မှူးချုပ် သူရစန်းလွင်၊ နယ်ခြားစောင့်ရဲ အရာရှိ ကျော်ချေ၊ ရဲတပ်ကြပ်ကြီး ဘကျော်နဲ့ ရဲအရာရှိ ထွန်းနိုင်တို့ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို စုံစမ်းစစ်ဆေး အပြစ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) ကို လွှဲပြောင်းပေးဖို့လည်း အေအိုင်က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း ဥရောပသမဂ္ဂ(အီးယူ)နဲ့ ကနေဒါနိုင်ငံတွေက မြန်မာတပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က အဆင့်မြင့်အရာရှိကြီး ၇ ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ထုတ်ပယ်လိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇောကိုတော့ နုတ်ထွက်ခွင့်ပေးလိုက်ပါတယ်။











