DVB Logo
Home
မြန်မာသတင်း
လိုင်စင်မဲ့ကားဖြင့် လူနာပို့ဆောင်မှု ရပ်ဆိုင်းထားရန် ရွှေဘိုပရဟိတအသင်းများ ဆုံးဖြတ်
DVB
·
June 27, 2018
လိုင်စင်မဲ့ကားဖြင့် လူနာပို့ဆောင်မှု ရပ်ဆိုင်းထားရန် ရွှေဘိုပရဟိတအသင်းများ ဆုံးဖြတ်
Donate to DVB

လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အရေးယူမယ် ဆိုတာကြောင့် ရွှေဘိုခရိုင်ထဲက ပရဟိတအသင်းတွေဟာ လိုင်စင်မရှိတဲ့ ကားတွေနဲ့ လူနာပို့ဆောင်တာ မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရွှေဘိုခရိုင်က မြို့နယ် ၆ ခုက ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေ စုစည်းထားတဲ့ ခရိုင်ပရဟိတ အသင်းချုပ်ကနေ ဆုံးဖြတ်လိုက်တာပါ။

အသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာတင်ဝင်းက “ရွာတွေက ပရဟိတ အဖွဲ့တွေမှာ တရွာကို ကားတစီးလောက် ရှိတယ်။ ကားအများစုက လိုင်စင်မရှိကြဘူး။ လိုင်စင်ကားနဲ့ ဝစ်သောက်ကားက အဆပေါင်းများစွာ ကွာတာမို့ လှူတဲ့သူတွေကလည်း ဝစ်သောက်တွေပဲ လှူကြပါတယ်” လို့ ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက ပရဟိတအသင်းချုပ်ဝင်အဖွဲ့ပေါင်း ၅၇၇ ခုရှိပြီး အများစုက အသင်းအဖွဲ့ မှတ်ပုံတင်ပြီးသားတွေ ဖြစ်ပါတယ်။

“ကျေးရွာတွေမှာက လူနာတွေ refer (လွှဲပြောင်း) ဖို့အတွက်ပဲ သုံးကြတာပါ။ လိုင်စင်နဲ့ကား အလှူခံမှ ဒီအလုပ် လုပ်ရမယ်ဆိုရင်တော့ နယ်မှာရှိတဲ့ ဆင်းရဲသားတွေအတွက် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူနာတင် စနစ်အတွက် သုံးတဲ့ကားတွေကို တတ်နိုင်သလောက် စဉ်စားပြီးတော့ တရားဝင်ဖြစ်ဖို့ စဉ်းစားပေးပါ ဆိုပြီးတော့ လွန်ခဲ့တဲ့ တနှစ်ကျော်က (လူကယ်ပြန် ဝန်ကြီး) ဒေါက်တာ ဝင်းမြတ်အေးကို တိုက်ရိုက်ပြောခဲ့တာ တကြိမ်။ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း မုံရွာမှာလုပ်တဲ့ တိုင်းအဆင့် ပွဲတခုမှာလည်း ပြောခဲ့ပါသေးတယ်။ အခုတော့ ဥပဒေကို ချက်ချင်းလိုက်နာဖို့က လွဲလို့ ပြန်ပြီးတော့ complain (စောဒက) တက်စရာ စဉ်းစားမရအောင်ကို ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘက်က နှစ်ကြိမ်တိတိ တင်ပြပြီးသားပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင် ကော်မတီဝင် ကိုဇာနည်က “ကျနော်တို့မှာ ကားတစီးရှိတယ်။ မြို့ထဲ အက်ဆီးဒင့်ကတော့ နေ့တိုင်းနီးပါးပို့ပေးရတယ်။ မန္တလေးကို လူနာ လွှဲပြောင်းပေးရတာကတော့ တလမှာ ခေါက်ရေ ၂၀ လောက်ရှိတယ်။ without ကားနဲ့လည်း ရေရှည်သွားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ သုံးနေတဲ့ ကားတွေက တစီးမှာ ၃၅ သိန်း၊ သိန်း ၄၀ ပဲရှိပြီး လှူတဲ့သူတွေကလည်း ဒါပဲ တတ်နိုင်တော့ ဒါပဲလှူတာလေ” လို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပရဟိတအဖွဲ့တွေ မှတ်ပုံတင်ဖို့၊ ကားတွေ လိုင်စင်လုပ်ဖို့နဲ့ ပတ်သက်ပြီး အသင်းအဖွဲ့တွေ စုံညီအစည်းအဝေးကို လာမယ့် ၂၉ ရက်နေ့ မန္တလေးမြို့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

မတတ်သာလို့ လိုင်စင်မဲ့ယာဉ်တွေကို သုံးနေရပြီး လူနာတင်ယာဉ်တွေကို လိုင်စင်လုပ်ပေးဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ်လူနာတင်ယာဉ်ကွန်ရက် ဥက္ကဋ္ဌ ကိုသူက ပြောပါတယ်။

“အရေးပေါ်ပစ္စည်းအစုံပါတဲ့ လိုင်စင်နဲ့ Alpherd တစီးဆိုရင် သိန်း ၃၀၀၊ ၃၀၀ နဲ့ အထက်မှာရှိတယ်။ ဒါတောင် နံပါတ် အနိမ့်။ ဝစ်သောက်ကားက ပစ္စည်းအပြည့်အစုံ ထည့်ပြီရင်တောင်မှ သိန်း ၅၀၊ ၅၅၊ ၆၀ ပဲရှိတယ်။ လိုင်စင်က လုပ်ဖို့ မလွယ်ဘူးလေ။ နိဗ္ဗာယာဉ် လိုင်စင်ပဲ ရမယ်။ ဒါကြောင့် လူနာတင်ယာဉ်တွေအတွက် သင့်တော်တဲ့ပုံစံ၊ နှုန်းထားနဲ့ လိုင်စင်လုပ်ပေးဖို့ပဲ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

လူနာတွေအတွက် လိုအပ်ချက်ရှိနေတာကြောင့် ကွန်ရက်ဝင် ကားတွေကတော့ ဆက်ပြီး လူနာပို့ဆောင်ပေးနေတုန်းပဲလို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းကလည်း လိုင်စင်မဲ့ကားတွေနဲ့ လူနာ ပို့ဆောင်တာကို ရပ်ဆိုင်းထားဖို့ ဒီနေ့ပဲဆုံးဖြတ်လိုက်ပါတယ်။ တိုင်းထဲက လူမှုရေးအဖွဲ့တွေမှာ လူနာတင်ယာဉ်ပေါင်း အစီး ၅၀၀ ကနေ ၁၀၀၀ လောက်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Photo : Emergency Ambulance Service

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013