DVB Logo
Home
မြန်မာသတင်း
ဒုတိယသမ္မတရာထူး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ဖွယ်ရှိနေ
DVB
·
July 10, 2012
ဒုတိယသမ္မတရာထူး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ဖွယ်ရှိနေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယသမ္မတ တာဝန်အပ်နှင်းဖို့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က အဆိုပြု တင်ပြထားကြောင်း လွှတ်တော်သတင်းရပ်ကွက်မှာ ထွက်ပေါ်နေတယ်လို့ နေပြည်တော်မှာ သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဇောရိုးက ပြောပါတယ်။

[caption id="attachment_27753" align="alignleft" width="300" caption="၀န်ကြီးချုပ် ဦးမြင့်ဆွေ"][/caption]

ဒီနေ့ တပ်မတော်သားအစုအဖွဲ့က ဒုတိယသမ္မတကို အပြီးတင်ရမယ့်နေ့ ဖြစ်ပေမယ့် လွှတ်တော်အစည်းအဝေးအစီအစဉ်မှာ ဒုတိယသမ္မတတင်တဲ့ အစီအစဉ် မပါဝင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ၁၁ နာရီခွဲခန့်မှာ လက်ဖက်ရည်သောက်နားချိန်မှာ တပ်မတော်သား ကိုယ်စားလှယ်တချို့က သူတို့ဟာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်ထားတယ်လို့ သတင်းထောက်တချို့ကို ပြောဆိုရာက ဒီသတင်း ကျယ်ပြန့်ခဲ့တာလို့ ဆိုပါတယ်။

“ဒီဗွီဘီက စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းကို မေးမြန်းရာမှာ ဦးမြင့်ဆွေဟာ လွန်ခဲ့တဲ့ ၂ ပတ်ကတည်းက အမည်စာရင်းထွက်နေတာပေါ့နော်။ ကြံ့ခိုင်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဌေးဦးလည်း ဖြစ်နိုင်တယ်ပေါ့နော်။ သူတို့ကတော့ အတိအကျ မပြောဘူးပေါ့။ ဒါပေမယ့် လွှတ်တော်အတွင်းမှာတော့ ဦးမြင့်ဆွေကို တင်လိုက်တယ်လို့ ကြားနေရတယ်”လို့ ကိုဇောရိုးက ပြောပါတယ်။

လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ခရီးသွားနေတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို လာမယ့်တနင်္လာနေ့မှာ ကျင်းပဖွယ်ရှိတယ်လို့လည်း ခန့်မှန်း ပြောဆိုကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အေးသန်းကို ဒီနေ့ခင်း ၁ နာရီခွဲခန့်မှာ မေးရာမှာ ဒုသမ္မတအဖြစ် အဆိုပြုတာကို သူတို့မသိရှိသေးကြောင်း ဖြေဆိုပြီး ဦးမြင့်ဆွေ အစည်းအဝေး ကျင်းပနေတယ်လို့ ပြောပါတယ်။

နေပြည်တော် လွှတ်တော်အသိုင်းအ၀ိုင်းမှာတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နေရာ လစ်ဟာရင် ဘယ်သူဖြစ်နိုင်မလဲဆိုတာ တွက်ဆနေကြတယ်လို့ ဆိုပါတယ်။

ဒုတိယသမ္မတအဖြစ်ကနေ အနားယူခဲ့တဲ့ ဦးတင်အောင်မြင့်ဦးဟာ နိုင်ငံတော်ငြိမ်းချမ်းမှုဖော်ဆောင်ရေး ဗဟိုကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌတာဝန်ကိုလည်း ရယူထားသူဖြစ်တာကြောင့် အစားထိုးမယ့်ဒုတိယသမ္မတဟာလည်း အဲဒီတာဝန်ကို ထမ်းရဖို့ ရှိပါတယ်။

ဦးမြင့်ဆွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးက တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို မေးမြန်းရာမှာ အလုပ်ကြိုးစား စေ့စပ်သေချာတဲ့ လူကောင်းတယောက်ဖြစ်တယ်လို့ ပြောပါတယ်။

“သူက အင်မတန်လူကောင်းပါ။ ကျနော် ၁ နှစ်ခွဲလောက်လုပ်လာတော့ တောင်သူလယ်သမားဘက်က ရပ်တည်တယ်။ ဆင်းရဲသူ၊ ဆင်းရဲသားဘက်က ရပ်တည်တယ်။ စကားပြောတဲ့အခါလည်း ချိုချိုသာသာနဲ့ လူကို သိပ်အပြစ် မမြင်ဘူးဗျ၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း) တယောက်လို့တောင် မထင်ရဘူး။ နောက် တိုင်းရင်းသားတွေအတွက်လည်း သူက စာနာတဲ့စိတ် ရှိတယ်။”

DSA အပတ်စဉ် ၁၅ ကျောင်းဆင်းတဦးဖြစ်တဲ့ ဦးမြင့်ဆွေဟာ ဒုဗိုလ်ချုပ်ကြီးအဆင့်ထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013