အကျဉ်းထောင်များတွင် အခြေခံပညာအဆင့်နှင့် အဝေးသင်တက်နေသူပေါင်း ၃၀၀ ခန့်ရှိနေ

မြန်မာပြည်တွင်း အကျဉ်းထောင်တွေမှာ အခြေခံပညာအဆင့်နဲ့ အဝေးသင်တက္ကသိုလ်တက်နေတဲ့ အကျဉ်းသားပေါင်း ၃၀၀ လောက်ရှိတယ်လို့ အကျဉ်းဦးစီးဌာနထံက သိရပါတယ်။
အင်းစိန်၊ မန္တလေး၊ သာယာဝတီဗဟိုအကျဉ်းထောင်တွေမှာ ပညာဆက်သင်ချင်သူတွေကို အတန်းပညာ သင်ပေးနေပြီး အတန်းကူးပြောင်းခွင့်ရဖို့အတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးနေတာပါ။
အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက “အပြင်မှာ လုံးဝကျောင်းမတက်ခဲ့ရသူတွေကတော့ သူငယ်တန်းကနေ စ တက်ရတာပေါ့။ အခုလို သင်ပေး တာက ၂၀၀၆ ကနေ စတယ်။ ၂၀၁၃- ၁၄ မှာတော့ တက္ကသိုလ်ဝင်တန်းတွေ စဖြေနိုင်အောင် လုပ်ပေးတယ်။ အထဲမှာရှိတဲ့ ၁၀ တန်းအောင်သွားသူတွေနဲ့ တက္ကသိုလ်တက်နေသူတွေက သင်ပေးတာပါ။ အခုတော့ ပညာရေးကလည်း လာပေးနေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အကျဉ်းထောင်တွေထဲမှာ ၅ တန်းကနေ ၉ တန်းအထိ သင်ယူနေတဲ့ ကျောင်းသား ၁၄၅ ယောက်ရှိပါတယ်။
ဒီထဲမှာ ၈ တန်းတက်နေသူ ၃၇ ယောက်၊ ၉ တန်းတက်နေသူ ၆၂ ယောက်ပါ ပါတယ်။ ၁၀ တန်းတက်နေသူကတော့ သိပ္ပံတွဲ ၃၆ ယောက်၊ ဝိဇ္ဇာတွဲ ၄၃ ယောက်နဲ့ သိပ္ပံ-ဝိဇ္ဇာ ယူထားသူ ၃၆ ယောက် ရှိတယ်လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။
ပြီးတော့ အဝေးသင် ပထမနှစ် တက်နေသူ ၁၂ ယောက်၊ ဒုတိယနှစ်တက်နေသူ ၈ ယောက်၊ တတိယနှစ်တက်နေသူ ၃ ယောက်နဲ့ အင်္ဂလိပ်စာ အဓိကနဲ့ စတုတ္ထနှစ်တက်နေသူ တယောက်ရှိပါတယ်။
၂၀၁၇-၁၈ ပညာသင်နှစ်မှာ ဗဟိုအကျဉ်းထောင် ၃ ခုကနေ လူငယ် အကျဉ်းသား၊ အကျဉ်းသူ ၁၃၄ ယောက် အတန်းကူးပြောင်းခွင့်စာမေးပွဲ ဖြေဆိုခဲ့ပြီး သာယာဝတီဗဟို အကျဉ်းထောင်က ပဉ္စမတန်း ဖြေဆိုသူ ၁ ယောက် ကျရှုံးခဲ့ပါတယ်။
ကျန်တဲ့သူတွေ အားလုံးကတော့ အတန်းကူးပြောင်းခွင့်ရခဲ့တယ်လို့ အကျဉ်းဦးစီးက ထုတ်ပြန်ထားပါတယ်။











