DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အာဏာသိမ်းမည့်သတင်း မဟုတ်မှန်ဟု ငြင်းဆို
DVB
·
June 27, 2018
စစ်တပ်က အာဏာသိမ်းမည့်သတင်း မဟုတ်မှန်ဟု ငြင်းဆို
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းမယ်လို့ ပြောခဲ့တဲ့အကြောင်း မြန်မာ့အရေးလေ့လာသူ ဆောင်းပါးရှင် လာရီဂျာကင်ရဲ့ ရေးသားချက် လုံးဝမှားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

“ဘန်ကောက်ပို့စ်မှာ လာရီဂျာကင်ရေးတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ အဲဒီမှာ သမ္မတရယ်၊ အတိုင်ပင်ခံရယ်၊ တပ်ချုပ်၊ ဒုချုပ်၊ ဒုသမ္မတတွေနဲ့ အစည်းအဝေးမှာ ပြဿနာတွေဖြစ်တယ်။ အာဏာသိမ်းမယ်၊ ခြိမ်းခြောက်တယ် ဆိုပြီးတော့ ရေးထားတဲ့ဟာက လုံးဝမှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအစည်းအဝေးက သတင်းလည်းထုတ်ထားတယ်။ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့် အခြေအနေ၊ နောက် ရခိုင်ပြည်နယ်လုံခြုံရေး၊ နယ်စပ်လုံခြုံရေးပေါ့။ များသောအားဖြင့် အဲမှာတက်တဲ့ ခေါင်းဆောင်တွေအားလုံး အေးအေးဆေးဆေးပဲ ဆွေးနွေးတယ်။ အဲအစည်းအဝေးခန်းထဲမှာ ကျနော်တို့လည်း ရှိပါတယ်။ ဘန်ကောက်ပို့စ်မှာ လာရီဂျာကင် ရေးထားသလိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေပြီးတော့ အာဏာသိမ်းဖို့အထိ ပြောတယ်ဆိုတဲ့ဟာတွေက လုံးဝမှားပါတယ်ဆိုတာ ပြောချင်ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ နိုင်ငံခြားသား ထည့်သွင်းဖွဲ့စည်းဖို့ ကိစ္စကိုလည်း အသေးစိတ် ရှင်းပြတဲ့အခါမှာ တပ်မတော်ဘက်က နားလည်လက်ခံတယ်လို့ ဆိုပါတယ်။

“ပြောရရင်တော့ ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန်ပြောတာမျိုး မရှိဘူးပေါ့။ မရှိတော့ အကြံပြုတာတွေဘာတွေ ဒါမျိုးလေး ပြည့်ပြည့်စုံစုံ ပိုပြီးတော့ ဆွေးနွေးနိုင်ကြပါတယ်။ အဓိကအားဖြင့် အဲနေ့က ဆွေးနွေးတဲ့အပိုင်းက နံပါတ် ၁ ဒေါသတကြီးပြောဆိုတာ လုံးဝမရှိဘူး။ နံပါတ် ၂ အာဏာသိမ်းဖို့ပေါ့ အစိုးရက စီမံခန့်ခွဲနိုင်မှုမရှိရင် အာဏာသိမ်းဖို့ဆိုတဲ့ ပြောကြားချက် မရှိဘူး။ နံပါတ် ၃ အချက်က ဆိုးဆိုးဝါးဝါး မပြေမလည်နဲ့ အဆုံးသတ်သွားတာ မဟုတ်ဘူး။ အားလုံး နားလည်မှုရှိရှိနဲ့ ပြေပြေလည်လည်နဲ့ ပြီးသွားတယ်” လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ဇွန်လ ၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းမယ်လို့ ပြောဆိုခဲ့ပြီး ဒါကို ကုလသမဂ္ဂ သံတမန်က ကြားဝင်စေ့စပ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ လာရီဂျာကင်က ရေးသားထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013