DVB Logo
Home
မြန်မာသတင်း
ခြိမ်းခြောက် ငွေတောင်းသည့်  မှုခင်းသတင်းထောက် ၄ ယောက်ကို ဖမ်းဆီး အရေးယူ
DVB
·
June 27, 2018
ခြိမ်းခြောက် ငွေတောင်းသည့်  မှုခင်းသတင်းထောက် ၄ ယောက်ကို ဖမ်းဆီး အရေးယူ
Donate to DVB

ဥပဒေမဲ့ ငွေကြေးတောင်းခံပြီး  ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ရှုထောင့် မှုခင်းသတင်းထောက် ၄ ယောက်ကို ဖမ်းဆီးထားတဲ့လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က မှုခင်းသတင်းထောက် ဇော်လင်းထွန်း ဆိုသူနဲ့ အပေါင်းပါ ၃ ဦးဟာ ဇွန် ၂၂ ရက်က  နားတောကျေးရွာ၊ မူလတန်းလွန်ကျောင်း စာရေးခုံများ ပြုပြင်ဖို့ ပျဉ်တိုပျဉ်စပျဉ်ဟောင်းတွေ သယ်လာသူတွေဆီက ငွေညှစ်တောင်းခံခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ည ၁၀ နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာနေ၊ ဦးအောင်ထွန်းဟာ နားတော ကျေးရွာနေ ဦးသိန်းရွှေ၊ ဦးစံတဲ၊ ဦးမောင်အုန်းတို့နဲ့အတူ နားတောကျေးရွာ၊ မူလတန်းလွန် ကျောင်း စာရေးခုံများပြုပြင်ဖို့အတွက် ပျဉ်တိုပျဉ်စပျဉ်ဟောင်းတွေ သယ်လာခဲ့တာလို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

အဲဒီလို သယ်လာတုန်း ရှုထောင့်မှုခင်းသတင်းထောက် အမည်ပါဝတ်စုံ ဝတ်ဆင်ထားသူ တဦးအပါအဝင် စုစုပေါင်း ၄ ဦးတို့က ကား၊ ဆိုင်ကယ်တို့နဲ့ရာက်ရှိလာပြီး “အမှုလိုတယ်၊ ငွေမလိုဘူး၊ တာဝန်ရှိသူတွေကို ပိုက်ဆံပေးထားသလား”လို့ ပြောဆိုကာ ထောင် ၁၀ နှစ်ထိ ကျနိုင်တဲ့ဥပဒေနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ လိပ်စာမသိ ဆိုင်းဘုတ်ထောင်ထားတဲ့ အဆောက်အဦအတွင်းကို ခေါ်ဆောင်သွားပြီး ပျဉ်တို ပျဉ်စများ သယ်ဆောင်လာသူ ဦးအောင်ထွန်းတို့အဖွဲ့ကို အဆောက်အဦထဲမှာ ထိုင်ခိုင်းတယ်။

အဲ့ဒီမှာ ဇော်လင်းထွန်း ဆိုသူက သူဟာ ခရိုင်သတင်းထောက်ဥက္ကဋ္ဌဖြစ်ကြောင်း ပြောဆိုပြီး ဦးအောင်ထွန်းရဲ့ လွယ်အိတ်ကိုရှာဖွေတယ်။ ပြီးတော့ “မင်းတို့ အဖမ်းမခံရအောင် ဘယ်လို ညှိမလဲ”ဟု ပြောဆိုခဲ့ပြီး  ဦးအောင်ထွန်းနှင့်အဖွဲ့က ငွေ ၁ သိန်းကျပ် ပေးတာကို လက်မခံဘဲ ငွေ ၅ သိန်းကျပ်ပေးရန်ပြောလို့ ငွေ ၅ သိန်းကျပ် ထုတ်ပေးခဲ့ရတယ်။

ဇော်လင်းထွန်းပါ ၄ ဦးကို  အရေးယူပေးဖို့ ဦးအောင်ထွန်း တိုင်တန်းခဲ့ပြီး ဇွန်လ ၂၃ ရက် မှာ ဗန်းမောက်မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ဇော်လင်းထွန်း ၃၃နှစ်၊ မြနန္ဒာရပ်ကွက်၊ ဗန်းမောက်မြို့နေသူနဲ့ အတူ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူများဖြစ်တဲ့  မိုးကျော်ကျော်ဦး(ခ) ဥက္ကာမိုး ၄၁ နှစ်၊ ရှိုင်းကိုကို(ခ) ကိုရှိုင်း ၃၁ နှစ်၊ မြင့်သူ(ခ)မြမိုး ၃၆ နှစ်၊ တို့ (၄) ဦး စစ်ဆေးပေါ်ပေါက်ခဲ့လို့ ဇွန်လ ၂၅ ရက်မှာ အမှုနဲ့  ဖမ်းဆီးရမိခဲ့တယ်လို့လည်း ရဲသတင်းမှာ ဖော်ပြထားပါတယ်။

တရားခံများထံကနေ သက်သေခံငွေ ၅ သိန်းကျပ်၊ အခင်းဖြစ်စဉ် ဝတ်ဆင်ခဲ့တဲ့ ၀တ်စုံ အပါအဝင် ရှုထောင့်မှုခင်း SH တံဆိပ်ပါ ပိကက် ၂ လုံး၊ SH သတင်းထောက် လက်မောင်း တံဆိပ်ပါ အနက်ရောင်အင်္ကျီ ၂ ထည်၊ ရှုထောင့်မှုခင်း SH တံဆိပ်ပါ အနက်ရောင် လက်တို အင်္ကျီ ၂ ထည်၊ အနက်ရောင်ဘောင်းဘီရှည် ၂ ထည်၊ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ YGN-6F/8908 နံပါတ်ပါ NISSAN PRIMERA အနက်ရောင် မော်တော်ယာဉ် ၁ စီး၊ နံပါတ်မပါ PANGBO-125 နီနက်ကျားဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရမိခဲ့ပါတယ်။

ဥပဒေမဲ့ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များလုပ်ကိုင်ကာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ရှုထောင့် မှုခင်းသတင်းထောက် ဇော်လင်းထွန်းပါ(၄)ဦးကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ရဲသတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့  ဇန်နဝါရီလအတွင်း “ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများရဲ့ အသွင်သဏ္ဍာန်နဲ့ ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြဖို့နဲ့ ဝတ်ဆင်ကြောင်းတွေ့ရှိရင် တရားဥပဒေနဲ့ အညီ အရေးယူမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒါ့အပြင် အခု ဇွန်လအတွင်းမှာလည်း မှုခင်းသတင်းထောက်များအပါအဝင် သတင်းထောက်အသင်းဝင်များအနေနဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနဲ့ အသွင်သဏ္ဍာန်တူနဲ့ ဝတ်စုံများဝတ်ခြင်း၊ ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ အမှုများမှာ အမှုလိုက် အကျိုးဆောင်အဖြစ် လုပ်ကိုင်ခြင်း စတဲ့ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ရင်  တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ကြေညာထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013