DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ၏ ဘဏ်စာရင်းကို တရုတ်ဘဏ်က ပိတ်ထားသဖြင့် ကုန်သွယ်ရေးထိခိုက်
DVB
·
June 26, 2018
မြန်မာနိုင်ငံသားများ၏ ဘဏ်စာရင်းကို တရုတ်ဘဏ်က ပိတ်ထားသဖြင့် ကုန်သွယ်ရေးထိခိုက်
Donate to DVB

တရုတ်နိုင်ငံကဘဏ်တွေမှာ အပ်ထားတဲ့ မြန်မာနိုင်ငံသားဘဏ်အကောင့်တွေကို ဇွန်လ ၁၂ ရက်က ထပ်မံ ပိတ်သိမ်းလိုက်တာကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကို သိသိသာသာ ထိခိုက်နေတယ်လို့ မူဆယ်မြို့က ကုန်စည်ဒိုင်တွေ ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံသား ဘဏ်အကောင့်တွေကို တရုတ်နိုင်ငံဘဏ်တွေက မကြာခဏဆိုသလို ပိတ်သိမ်းနေပြီး ဒီတခါပိတ် သိမ်းခံရတဲ့ ဘဏ်အကောင့်ပေါင်းဟာ (၂ဝဝ)နီးပါးရှိပါတယ်။

ဒီလို ဘဏ်အကောင့်ပိတ်ရတာဟာ ငွေမဲကို ငွေဖြူလုပ်တာ မူးယစ်းဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တွေနဲ့ ပတ်သက်နေနိုင်တယ်လို့ ယူဆပြီး ပိတ်သိမ်းရတာဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က ဆိုပါတယ်။

မူဆယ်(၁ဝ၅)မိုင် ကုန်သွယ် ရေးဇုံက ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က “တရုတ်ဘဏ်တွေက မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်လိုက်တာ ကြောင့် ကျနော်နိုင်ငံသားတွေမှာ ငွေလည်ပတ်ဖို့ မရှိတော့တာကြောင့် လုပ်ငန်း တော်တော်များများ ရပ်ဆိုင်းသွားတယ်” လို့ ဆိုပါတယ်။

ဘဏ်အကောင့်ပိတ်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေက သူတို့အကောင့်ပြန်ဖွင့်ပေးဖို့ တရုတ်နိုင်ငံဘက်က သက်ဆိုင် ရာတာဝန်ရှိသူတွေကို သွားရောက်ပြောကြားရာမှာ ရွှေလီမြို့က တရုတ်ရဲစခန်းက တရားခံတွေလို စစ်ဆေးမေးမြန်း ခံတာတွေရှိနေပါတယ်။

ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက “သူတို့က ကျမတို့ကို တရားခံစစ်တဲ့ အခန်းလိုမျိုး အလုံခန်းမှာ မေးခွန်းတွေမေးပါတယ်။ တရားခံတွေလို စစ်မေးလို့ ကြောက်ရွံ့စိတ်ဖြစ်ပါတယ်။ ကျမတို့သာ ရိုးရိုးသား လုပ်စားတာ မဟုတ်ရင် ဘယ်အစစ်ခံရဲမှာလဲ။ အဲ့လို အစစ်ဆေးခံ ပြီးတော့ မကြာခင်မှာ ဘဏ်အကောင့် ပြန်ဖွင့်ပေးတယ်။ ဖွင့်ပေးတဲ့ ဘဏ်အကောင့်ကိုပဲ ဆက်သုံနေတယ်။ ဒါ ဒုတိယ အကြိမ် ထပ်အပိတ်ခံရပါပဲ။” လို့  ပြောပါတယ်။

ဒါ့အပြင် ဘဏ်မှာအပ်ထားတဲ့ ငွေတွေပြန်ရဖို့ တရုတ်ရဲတွေကို လာဘ်ငွေပေးရတာတွေ လည်း ရှိနေတယ်လို့ဆိုပါတယ်။

“ကျနော်သိတာ နှစ်ယောက်ရှိတယ်။ ဘဏ်မှာ တစ်သိန်းခွဲအပ်ထားသူက တရုတ်ရဲကို ခြောက်သောင်းပေးလိုက်ရတယ်။ ငါးသောင်းအပ်ထားသူက သုံးသောင်းပေးလိုက်ရတယ်။ သူတို့လည်း ငွေရှုံးမှာကြောက်လို့ ရသလောက်ပဲ ယူလိုက်တယ်”လို့ ဦးလှမောင်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်ခံရတဲ့နေကစပြီး အရင်က မူဆယ်မြို့နဲ့ (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုံမှာ ကုန်တင်ယာဉ်ကြီးတွေတဲ့ ပြည့်နေပေမယ့် အခုအခါ မှာတော့ ကုန်တင်ယာဉ်ကြီးတွေ လျော့နည်းနေပါတယ်။ ကုန်တင်ယာဉ်မောင်းတွေ အနေနဲ့လည်း ကုန်ပစ္စည်းရှားသွားတယ်လို့ပြောပါတယ်။

ကုန်တင်ယာဉ်မောင်း ကိုကျော်စွာက “အခုရက်ပိုင်း ကုန်ပစ္စည်းရှားတယ်။ ကျယ်ဂေါင်ထဲမှာ အဆင်းကုန်လည်း ရှားတယ်။ အတက်ကြတော့လည်း တရုတ် ဘဏ် အကောင့်တွေပိတ်ထားတော့ အရင်က ဆန်တစ်တန်ကို ၇၃ဝဝဝ ပေါက်တယ်။ အခု ၆၃ဝဝဝ တောင် ရန်ကုန် မှာ ဆန်မရှိဘူးဖြစ်နေတယ်။ အရင်က တရုတ်ပြည်ကျယ်ဂေါင်ထဲဝင်ဖို့ ကားဖို့အတွက် (၃)(၄)ရက်လောက် အိပ်ပြီး တန်းရတယ်။ အခုကတော့ မတန်းရတော့ဘူး။ အဝင်လည်းလွယ်တယ် အထွက်လည်းလွယ်တယ်။ အရင်ကထက် ကားက သုံးပုံတစ်ပုံလောက်တောင် မကတော့ဘူး ကားတွေပါးသွားတာ။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး မူဆယ်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းကတော့ ဒီကိစ္စ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးကောင်းလည်းမေးမယ်။ အထူးသဖြင့် ဒီကိစ္စက ပြည်ထောင်စုအစိုးရမှာ ပိုပြီး လုပ်ပိုင်ခွင့်ရှိနေတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ဆွေးနွေးပြီးတော့ အစိုးရအဖွဲ့ကို တင်ပြပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဘဏ်အကောင့် ပိတ်သိမ်းခံရတဲ့သူတွေကတော့ သူတို့ ဘဏ်အကောင့်တွေ ပြန်ပွင့် လာဖို့ ပြည်ထောင်စုအစိုးရ အနေနဲ့ တရုတ်အစိုးရနဲ့ ညှိုနှိုင်းဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မြို့တွေမှာ ငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူတွေကတော့ တရုတ်ယွမ်ငွေကို နိုင်ငံခြားငွေအဖြစ် အစိုးရက သတ်မှတ်ပေးကာ ငွေလှဲလှယ် ရေးလိုင်စင်တွေ တရားဝင်ချပေးဖို့ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013