
ပြည်သူတွေအကြားမှာ ပြောစရာဖြစ်နေလို့ အစိုးရနဲ့ မသက်ဆိုင်တဲ့ အခမ်းအနားတွေကို ဝန်ကြီးတွေမတက်ဖို့ ညွှန်ကြားချက်ထုတ်ရတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ပြည်ထောင်စုအဆင့်နဲ့ တိုင်းနယ် ပြည်နယ်အဆင့် ဝန်ကြီး တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီပိုင်ရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားပွဲတွေကို မတက်ရောက်ဖို့ နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုနဲ့ တိုင်းနယ် ပြည်နယ်အဆင့်မှာ ဝန်ကြီးတာဝန် ထမ်းဆောင်နေသူတချို့အနေနဲ့ အစိုးရနဲ့ သက်ဆိုင်မှုမရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ပြုလုပ်တဲ့ ပွဲတွေကို တက်ရောက်တာတွေရှိနေပြီး ပြည်သူတွေအကြားမှာ ပြောဆိုစရာ ဖြစ်နေတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်ရတာလို့ ဦးဇော်ဌေးက ပြောပါတယ်။
“ဝန်ကြီးတွေပေါ့။ အခမ်းအနားတွေ တက်တဲ့အခါမှာ အမြင်မတော်တာတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ ကျနော်တို့ သမ္မတရုံးကနေ ထုတ်ထားတာပေါ့။ အစိုးရ ကိစ္စတွေနဲ့ ဆက်ဆံခြင်း၊ ပတ်သက်ခြင်းမရှိတဲ့ ပွဲတွေကို တက်ရောက်တဲ့အခါမှာ အပြင်မှာလည်း ပြောစရာ၊ ဆိုစရာတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ အစိုးရနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာပဲ တက်ရောက်ဖို့ ကျနော်တို့က ပြောထားတာ။”
နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ဟာ အဂတိလိုက်စားမှု မဖြစ်ပေါ်စေဖို့ ဟန့်တားတဲ့ ထုတ်ပြန်ချက် ဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
“ဒါကတော့ ရှင်းပါတယ်။ အခုဆောင်ရွက်နေတဲ့ ကိစ္စတွေပဲပေါ့။ အစိုးရအသစ်က ဆောင်ရွက်နေတယ်။ အခု သမ္မတသစ်ကလည်း ဆောင်ရွက်နေတယ်။ အဂတိလိုက်စားမှု ကင်းရှင်းရေးဆိုတာ။ အလွန်အရေးကြီးတယ်။ ဒါအတွက်ကို ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒါတွေ ပေါ်ပေါက်လာတာဖြစ်မှာပါ။ ကျနော်ကတော့ ကြိုဆိုတယ်။”
အစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်းတွေအကြား ထိတွေ့မှု များလာတာနဲ့အမျှ လာဘ်ပေး လာဘ်ယူမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ညွှန်ကြားတာ ဖြစ်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း သုံးသပ်ကြပါတယ်။











