DVB Logo
Home
Lead Story
ပြည့်ကံကျွေးမရဲ့ လျှောက်လဲချက်
DVB
·
June 26, 2018
ပြည့်ကံကျွေးမရဲ့ လျှောက်လဲချက်
Donate to DVB

လူ့ယဉ်ကျေးတို့အတွက် ပြည့်ကံကျွေးမရဲ့ လျှောက်လဲချက်ပါ။ ကျမ တယောက်တည်းအတွက် လျှောက်လဲချက်တော့ မဟုတ်ဘူး။ ကျမတို့ကို ခေါ်ချင်သလို ခေါ်နိုင်ပါတယ်။ ပြည့်ကံကျွေးမ၊ ပြည့်တန်ဆာမ၊ ဖာသည်မ၊ ကွိတ်၊ ဇိမ်မယ်၊ အပြာမယ်၊ နတ်သမီး၊ ပီ(pha)အေစီ (Ah Chaung)၊ မိန်းမပေါ့၊ မိန်းမသွမ်း၊ မိန်းမရွှင်… ။ ခေါ်ချင်သလိုသာ ခေါ်ပါ။

နိုင်ငံတော်အစိုးရကတော့ အယဉ်ကျေးဆုံးစကားနဲ့ ‘ပြည့်တန်ဆာ’တဲ့။ ဒါကလည်း အခုမှ ခေါ်တာ မဟုတ်ပါဘူး။ ရတနာပုံ နေပြည်တော်ခေတ်ကတည်းက ပြည့်ကံကျွေး၊ ပြည့်ကြီးတန်ဆာ၊ ပြည့်တန်ဆာရယ်လို့ ခေါ်ခဲ့တာကလား။ တကယ်တော့ ဒါဟာ ပါဠိဝေါဟာရ “နဂရသောဂီနိ” ဆိုတဲ့ပုဒ်ကို အကြောင်းပြုပြီး မှည့်ခေါ်ခဲ့တာ။ “နဂရံ- ပြည်ကို သောဘေတိ- တင့်တယ်စေတတ်၏၊ ဣိတိ- ထို့ကြောင့်၊ နဂရံဘီနိ- ပြည့်တန်ဆာ မည်၏” လို့ မြန်မာ့ပညာရှိကြီးများ ဝိဂြိုဟ်ပြုခဲ့ပေသကိုး။ ထားပါလေ။

အခုတင်ပြချင်တာက နိုင်ငံတော် ပြဋ္ဌာန်းဥပဒေမှာ “ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ” လို့ ဆိုထားလေတော့…။ ရက်စက်လိုက်ကြတာ။ လူ့ယဉ်ကျေးတို့ စည်းဝိုင်း အပြင်ဘက်မှာ ခွေးလေခွေးလွင့်လောက်တောင် တန်ဖိုးမထား၊ အပယ်ခံဘဝနဲ့ နေရတဲ့အပြင် အစိုးရက ဥပဒေနဲ့ပါ ထပ်မံ “နှိပ်ကွပ်” ဦးမယ်ဆိုတော့..။ မြွေပူရာ ကင်းမှောင့်၊ လဲနေသူကို တင်းပုတ်နဲ့ ဆင့်ထုလိုက်သလိုပဲ။ ကျမတို့ဘဝမှာ ဖောက်သည်ကို ကြောက်ရ၊ ခေါင်းကို ကြောက်ရ၊ ပုလိပ်ကို ကြောက်ရတဲ့အပြင် နှိပ်ကွပ်ရေး ကျိုင်းတုတ်ကိုပါ ကြောက်နေရတာပါ။ အယဉ်ကျေးဆုံးခေါ်ပြီး အကြမ်းတမ်းဆုံး၊ အဆိုးဝါးဆုံး ဖိနှိပ်လိုက်တာပဲ။ “ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေ..” တဲ့။

ဖာသည်မလည်း သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူသားတယောက်ပါ။ ဖောက်သည်ကို ခယတဲ့အပြုံးနဲ့ အောက်ကျို့ရပေမယ့် ရင်ထဲက အခံဝေဒနာတွေကြောင့် ပီပီသသ အပြုံးလှလှတော့ ဘယ်ဟုတ်ပါ့မလဲရှင်။ ဒါကိုပဲ မြှူဆွယ်တယ်လို့ ဆိုကြပြန်သေးတယ်။ လော်လီချင်လို့မှ မဟုတ်ဘဲ။ “ငါ့ဝမ်းပူဆာ မနေသာ” လို့ မလှမပ ပြုံးပြရတဲ့ ဘဝပါ။ မားကက်တင်းအပြုံးလို့ ဆိုချင်လည်း ဆိုပါလေ။ တကယ်တော့ ဖောက်သည်ကို မျက်နှာချိုသွေးတာပါ။ တခုတော့ မေးပါရစေ။ ပြည့်တန်ဆာမှာ အခွင့်အရေး မရှိရတော့ဘူးလား။

ပြောရဦးမယ်။ မြန်မာဘုရင် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှာတောင် ပြည့်တန်ဆာ အခွင့်အရေး ရှိခဲ့ဖူးတယ်။ ရတနာပုံခေတ်က မန္တလေးရဲ့ ပြည်ကြီးပျော်ဘွယ် အရပ်ဆိုတာ ပြည့်ကံကျွေး၊ ပြည့်တန်ဆာတို့အတွက် သတ်မှတ်ပေးခဲ့တဲ့ အရပ်ပေါ့။ စနစ်တကျ စည်းရှိကမ်းရှိ ထားပေးခဲ့တာ။ သူတို့ကို စီမံအုပ်ချုပ်ဖို့ “ရှေ့ရုံးတော်အရာရှိ” ဆိုတာ ထားပေးခဲ့တယ်။ ဘာလဲ..။ မယုံလို့လား။ မယုံရင် မြန်မာမင်းများအုပ်ချုပ်ပုံစာတမ်းမှာ ရှာကြည့်ပေါ့။ ပြည့်တန်ဆာကို နေရာဌာန သတ်သတ်မှတ်မှတ်ရှိသူနဲ့ နေရာမရှိ တိတ်တိတ် သွားလာလှုပ်ရှားသူလို့ နှစ်မျိုးတောင် ခွဲပြလိုက်သေးရဲ့။

အခေါ်အဝေါ်ပါ မတူဘူးရှင့်။ နေရာဌာနနဲ့ အလုပ်လုပ်သူကိုတော့ “ပြည့်တန်ဆာ၊ ပြည်ကြီးတန်ဆာ၊ ဖာသည်၊ မိန်းမသွမ်း၊ မိန်းမရွှင်လို့ ခေါ်ပြီး နေရာမရှိဘဲ လှုပ်ရှားသူတွေကိုတော့ ကွိတ်၊ မိန်းမပေါ့လို့ ခွဲခေါ်ခဲ့တာလေ။

ရန်ကုန်မှာတော့ ကိုလိုနီခေတ်ဦး ၁၈၇၄ လောက်ကစပြီး ကောင်းတုံတရုတ်တွေက မလေးစကားကို အသံဖလှယ်ကာ “လောကီး (Lo ki)” လို့ ခေါ်ကြတာပေါ့။ ရိုင်းရိုင်းပြောကြပါစို့ရှင်။ ဖာအိမ်၊ ဖာခန်းကိုတော့ “လောကီးကျိုက်” တဲ့။ ၂၇၊ ၂၈၊ ၂၉ လမ်းတို့မှာ တရုတ်မလေးတွေအတွက် လောကီးကျိုက်တွေ ရှိတယ်။ ၃၅ နဲ့ ၃၆ လမ်းတို့ကတော့ ဥရောပနဲ့ ဂျပန်မလေးတွေရဲ့ လောကီးကျိုက်တွေ ရှိခဲ့တာပေါ့။ ဒါပေမယ့် ပုရိသများ သိပ်ခက်တယ်လေ။ ပြည့်တန်ဆာ မာန်တက်ပြီး ရိုက်ပွဲ၊ နှက်ပွဲ၊ သတ်ပွဲတွေ ခဏ ခဏဖြစ်လို့ ၁၉၂၂ ထဲမှာ “ဆောင်ကြာမြိုင် ပိတ်ပင်တားဆီးရေး” ဥပဒေ ထုတ်လိုက်တော့ ကျမတို့ဘဝလည်း နေရာအနှံ့ လျှောက်လို့ မားကက်တင်း ဆင်းခဲ့ရတာ အခုထိပဲပေါ့။

တကယ်ဖျက်သိမ်းလိုက်တာကတော့ ၁၉၂၃ ခုနှစ်ပါ။ အဲဒီကာလက တရုတ်မလေးတွေ ၅၀ ကျော် အဖမ်းခံရတယ်လေ။ ဟိုတလောက အဖမ်းခံရသူတွေထက် ပိုများတာပေါ့နော်။

ပြောရဦးမယ်။ ၁၉၄၈ ထဲမှာ လွတ်လပ်ရေးရတော့ ကျမတို့လည်း ပျော်တာပေါ့။ အရင်လို လောကီးကျိုက်တွေ ခွင့်ပြုလေမလားလို့ မျှော်မိပါသေးတယ်။ ဒါပေမယ့် ၁၉၄၉ ထဲမှာ အက်ဥပဒေအမှတ် (၂၄) နဲ့ “ပြည့်တန်ဆာပပျောက်ရေးဥပဒေ” ဆိုပြီး ပြဋ္ဌာန်းလိုက်ပါတော့တယ်။ ပပျောက်ရေး..တဲ့။ ရယ်ဖို့ကောင်းလိုက်တာ ဘုရားသခင်တောင် ပပျောက်အောင် မစွမ်းသာခဲ့ပါဘူး။

တဦးချင်းတော့ ကယ်တင်ခဲ့နိုင်လို့တော့ ပြည့်တန်ဆာဘဝကနေ ထေရီမတွေဖြစ်ခဲ့တဲ့ သာဓကတွေ အရှိသားပဲ။ ပပျောက်မသွားတဲ့ အဆုံးမှာတော့ ၁၉၅၁-၅၅ ထဲမှာ ပြည့်တန်ဆာ ပပျောက်ရေး စုံစမ်းရေးအဖွဲ့တွေ ဖွဲ့ပြီး အစီရင်ခံစာတွေ တင်ကြသေးတယ်။ စေတနာနဲ့ ရည်ရွယ်ချက်က ကျေးဇူးတင်ဖို့ကောင်းတယ်။ သူတို့က ကယ်တင်ရေးနဲ့ စာရိတ္တပြုပြင်ရေးကိုပါ တွဲလုပ်ဆောင်ဖို့ အစီအမံပါပဲ။

“စာရိတ္တပြုပြင်ရေး” ဆိုတော့ အခက်သားပဲ။ ကျမတို့က စာရိတ္တပျက်တာမှ မဟုတ်ဘဲ။ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်၊ လိမ်လည်တာ ဘာတခုမှ မလုပ်ခဲ့ပါဘူး။ ငါးပါးသီလ မပျက်ယွင်းဘူးလေ။ တခါတရံ ဧည့်သည်ကျေနပ်အောင် သူရာမေရိယတော့ ဟန်ဆောင် သောက်ပြရတာ ရှိရဲ့။ မုသားမပါ အလင်္ကာမချောတာကြောင့် လူယဉ်ကျေးများလို မုသာဝါဒလည်း အထိုက်အလျောက်တော့ ရှိပါတယ်။  သူတပါး အကျိုးပျက်လောက်အောင် မလိမ်မညာခဲ့ပါဘူး။ ဇာတ်နာအောင် ဘဝအကြောင်းပြောရင်း မျက်ရည်ခံထိုးတဲ့ သဘောပါ။ စာရိတ္တပျက်တယ်လို့ စွပ်စွဲချင်သပ ဆိုရင်လည်း လူယဉ်ကျေးစကား ငှားပြောရရင် “အူမတောင့်မှ သီလစောင့်နိုင်” ဆိုသလိုပါပဲရှင်။ တကယ်တော့ ငါ့ဝမ်းပူဆာ မနေသာလို့ ခန္ဓာကိုယ်ပေးပြီး တညတာ ပျော်ပါးဖို့ ခွင့်ပြုခဲ့တာပါ။

ကျမတို့ဘဝကို ကယ်တင်ဖို့ဆိုပြီး ၁၉၆၂ စစ်တပ်အာဏာမသိမ်းမီက ဝင်္ကပါလမ်းထဲမှာ “အမျိုးသမီးဂေဟာတခုကို ပါလီမန်အမတ်ဟောင်း အစ်မကြီး ဒေါ်ခင်လှက စေတနာထား လုပ်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် Demand နဲ့ Supply မမျှခဲ့ဘူးလေ။ ဂေဟာလက်ခံနိုင်တာထက် ကျမတို့ဦးရေက ပိုနေတာကိုး။ ဘာပဲဖြစ်ဖြစ် သူ့စေတနာက လေးစားစရာ၊ ကျေးဇူးတင်စရာ။ ၁၉၅၆ ထဲမှာပဲ ပြည့်တန်ဆာပပျောက်ရေး ဥပဒေကို ပြင်ပြီး ပြည့်တန်ဆာ နှိပ်ကွပ်ရေးအဖြစ် ပြင်လိုက်တယ်။

မပပျောက်လို့ နှိပ်ကွပ်တဲ့ သဘောလားလို့ မေးချင်လိုက်တာ။ ကိုယ်ချင်းစာတရား ရှိသူတွေကတော့ ပြည့်တန်ဆာဖြစ်ရတဲ့ အကြောင်းရင်းဟာ ခေတ်စနစ်ကြောင့်လို့ဆိုပြီး ခေတ်စနစ်တွေကို ပြုပြင်ဖို့ ဟောပြောခဲ့ကြတာတွေလည်း ရှိပါရဲ့။ ဒါလည်း စိတ်ကူးယဉ်တာပါ။ မေတ္တာဓာတ်တော့ ကြီးဟန်ပဲ။

ကျမတို့မှာ ဘာအပြစ်ရှိလို့ နှိပ်ကွပ်ချင်ရတာလဲလို့ မေးချင်တယ်။ ကျမတို့ အကျိုးပြုခဲ့တာတွေလည်း ရှိခဲ့တာပဲ။ ဘုရားရှင်ရဲ့ သမားတော်ကြီး ဇီဝကဆိုတာ အစ်မကြီး အမ္ဗပါလီ သားပေါ့။ အဇာတသတ်ရဲ့ ညီလေ။ ကျမတို့ကိုသာ ရတနာပုံခေတ်၊ ဂျပန်ခေတ်ကလို ဆောင်ကြာမြိုင်ဥပဒေသာ ပြဋ္ဌာန်းပေးခဲ့ရင် သက်ငယ်မုဒိမ်း၊ သက်ကြီးမုဒိမ်းတွေလည်း လျော့ပါးနိုင်ခြေ ရှိပါတယ်။ ဥပဒေအရ ဆေးစစ်ပြီးမှ လက်မှတ်ထုတ်ပေးလိုက်ရင် ကျန်းမာရေးလည်း စိတ်ချရသလို လမ်းမပေါ်မှာ မားကက်တင်းဆင်းစရာ မလိုတော့ မြို့တော်လည်း သာယာလှပလာပေမပေါ့ရှင်။

ဒါ့အပြင် လူယဉ်ကျေး အမျိုးကောင်းသားတို့လည်း မှောင်ရိပ်ခိုစရာ မလိုတော့ဘူး။ ပတ္တရောင်ကိုလည်း ကြောက်စရာ မရှိပေါ့။ ပြီးတော့ ကျောင်းသားငယ် တူအရွယ်၊ သားအရွယ်၊ မောင်လေး အရွယ်လေးတွေကို ကိုယ်ချင်းစာစိတ်နဲ့ ရှောင်နိုင်သလို ဥပဒေ ကန့်သတ်မှုနဲ့ဆိုရင် မိဘတွေလည်း မစိုးရိမ်ရတော့ဘူးပေါ့။

ဖဆပလခေတ်ကတော့ ဘီအေအေဘောကွင်းထဲမှာ ကြံ့ခိုင်ရေးကောင်စီဖွဲ့ပြီး ကိုယ်လက်လှုပ်ရှား အားကစားနဲ့ လူငယ်တွေကို အာရုံပြောင်းအောင် လုပ်ပေးခဲ့ဖူးတယ်။ ကာယဗလ ဦးရှိန်က တာဝန်ခံပေါ့။ ကြံ့ခိုင်ရေးဆိုလို့ အာရုံမနောက်နဲ့ဦး။ ၁၉၅၈ နဲ့လည်း မဆိုင်ဘူး။ အခုနဲ့လည်း မဆိုင်ဘူး သိလား။ ပညာပေး စည်းရုံးတာတို့ အားကစားနဲ့ လမ်းလွှဲတာတို့ လုပ်ဖို့က အစိုးရနဲ့ ဆိုင်တယ်လေ။ နေရာတကာ နှိပ်ကွပ်ဖို့ချည်း မစဉ်းစားသင့်ပါဘူး။ စာကလည်း ရှည်သွားပြီး။ ဒါတောင် ဂျပန်ခေတ်ရဲ့ ဆောင်ကြာမြိုင် ဥပဒေနဲ့ စည်းကမ်းချက်တွေအကြောင်း မပြောရသေးဘူး။ အခါအခွင့်သင့်ရင်တော့ ပြောရသေးသပ။

ဒါဟာ ကျမတယောက်တည်းအတွက် လျှောက်လဲချက် မဟုတ်ဘူး။ လူယဉ်ကျေးတို့ အလိုကျ စကားနဲ့ပြောရင် ကျမလို မယဉ်ကျေးတဲ့၊ စာရိတ္တထိန်းခွင့်မရတဲ့ မိန်းမပျက် အားလုံးအတွက် လျှောက်လဲချက်ပါ။ တကယ်တော့ ကျမတို့လည်း မိုးပါးဆွန်းရဲ့ Word 6 ထဲကလိုပဲ ဖာသည်မလည်း နိုင်ငံချစ်စိတ် ရှိပါတယ်။ ဒါဟာ အသနားခံတာ မဟုတ်ဘူး။ မျက်ရည်ခံထိုးတာ မဟုတ်ဘူး။ စဉ်းစားဆင်ခြင်မှုကို တောင်းဆိုတာ။ လျှောက်လဲတာ။

ကဲ… ဒါဆိုရင် ကျမတို့အတွက် ဆောင်ကြာမြိုင်ဥပဒေ ပြဋ္ဌာန်းပြီး “လိင်လုပ်သား” အဖြစ် အသိအမှတ်ပြုသင့်သလား။ ဒါမှမဟုတ် HIV ပျိုးခင်းတခုအဖြစ်နဲ့ နွံအိုင်ထဲမှာ လျစ်လျှူရှုထားခဲ့မလား။ ကျမတို့မှာရော ပြည့်တန်ဆာ အခွင့်အရေးဆိုတာ မရရှိနိုင်တော့ဘူးလား။ အမှောင်ထဲမှာပဲ ပေယျာလကန်ပြုခဲ့တာကရော တရားမျှတမှုပဲလား။

ပြည့်ကံကျွေး ဘဝသံရာက လွန်မြောက်လို့ ခိုနားရာ မရနိုင်တော့ဘူးလား။ ညဥ့်နက်သန်းခေါင် တောနက်နက်ရဲ့ အမှောင်ထုထဲက ချောက်ကမ်းပါးဘေးမှာ မျက်စိကို ပုဝါစည်းလို့ ထားပစ်ခဲ့ကြတော့မှာလား ရှင်တို့ရယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013