DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်မြို့တွင် ခွေးနှင့် ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး လိုက်လံထိုးပေးနေ
DVB
·
June 26, 2018
ပြင်ဦးလွင်မြို့တွင် ခွေးနှင့် ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး လိုက်လံထိုးပေးနေ
1 / 3
Donate to DVB

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ရှိ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာရှိတဲ့ ခွေးတွေ၊ ကြောင်တွေကို ဇွန်လ ၂၄ ရက်ကစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း ခွေးရူး ကာကွယ်ဆေးနဲ့ ခွေးသန္ဓေတားဆေးတွေကို အခမဲ့ လိုက်လံထိုးပေးနေပါတယ်လို့ သိရပါတယ်။

ခွေးရူး ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းနိုင်ကိုကိုက "၂၀၁၂ ခုနှစ်ကတည်းက အဖွဲ့ကို စတင်ဖွဲ့စည်းပြီးလုပ်နေတာ ဒီနှစ်နဲ့ဆို ၆နှစ်ရှိပါပြီ၊ ခွေးရူး ရောဂါလျော့နည်းသွားဖို့ အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ဘာသာရေးဆိုင်ရာအဖွဲ့အစည်း တွေ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊  ခရစ်ယာန်ဘုရားကျောင်းတွေ အဲလို လူစည်းကားမယ့် လူအဝင်များတဲ့ နေရာတွေမှာ အဓိက ထိုးဖြစ်ပါတယ်။ ဈေးတွေမှာလည်း ထိုးပေးပါတယ်''လို့ ဒီဗွီဘီကို ပြောပါတယ်။

ခွေးရူး ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့က နှစ်စဉ် ခွေးရူးရောဂါနှုန်း လျော့ကျ လာစေဖို့နဲ့ ခွေးအကောင်ရေ များပြားလာတာကို ထိန်းချုပ်နိုင်စေဖို့ အခုလို အခမဲ့ လိုက်လံ ထိုးပေးနေတာပါ။

ခွေးရူးကာကွယ်ဆေး အခမဲ့လိုက်လံထိုးပေးချိန်မှာ ခွေးအကောင်ရေ တိုးပွားမှု လျော့ကျ အောင် ကိုယ်ဝန်ဆောင်ထားတာမရှိတဲ့ ခွေးမတွေကိုလည်း ခွေးသန္ဓေတားဆီးကိုပါ အခမဲ့ ထိုးနှံပေးပါတယ်။

ပုသိမ်ကြီးမြို့နယ် အာယုပါလက ပရဟိတအသင်းဥက္ကဋ္ဌ ဦးထွေးအောင်က "ခွေးရူးရောဂါဖြစ်ပြီးဆိုရင် မြန်မာနိုင်ငံရဲ့ နိမ့်ပါးတဲ့ အသိအမြင်နည်းမှုကြောင့် အသက်တွေ ဆုံးရှုံးရပါတယ်။ ခွေးရူးကိုက်ခံရတဲ့ လူနာက အသက်ပြန်ရှင်ရိုးထုံးစံမရှိပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှ မရှိပါဘူး။ ကျန်းမာရေးအသိကို အင်မတန်မှ နည်းတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတာပါ။ အဲဒါကြောင့်မို့ ဒီလို ခွေးရူးကာကွယ်ဆေးထိုးပေးမယ်ဆိုတော့ တောသူတောင်သူတွေအတွက် အားကိုးအားထားရာဖြစ်တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ခွေးရူးကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့က ၂၀၁၂ ခုနှစ်ကနေ ဒီနေ့ထိ ခွေးရူး ကာကွယ်ဆေး အလုံးရေ ၁၀၅၀၀ ကျော် ထိုးပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ခွေးရူးကာကွယ်ဆေး အလုံးရေ ၅၀၀၀ ကျော် အခမဲ့လိုက်လံထိုးပေးသွားမှာ ဖြစ်ပြီး ယခင်နှစ်ထက် ခွေးရူးကာကွယ်ဆေး အလုံးရေ ပိုမို ထိုးနှံပေးမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်အသင်း (မန္တလေး) အတွင်းရေးမှူး ဒေါက်တာ တင်တင်သန်းက ''ခွေးရူးရောဂါက လူကို ကူးစက်နိုင်တဲ့ ရောဂါဖြစ်သလို ဖြစ်ခဲ့ပြီးဆိုရင်လည်း ကုသဖို့ အလွန်ခက်ပါတယ်၊ သေဘေးနီးတယ်ပေါ့နော်။ ကျမတို့ဆီမှာ မွေးမြူတဲ့ စနစ်ကလည်း ခွေးရူးကာကွယ်ဆေး မထိုးဘဲနဲ့ မွေးတဲ့နည်းစနစ်တွေက များနေတယ်။ လူတွေကို အသိပညာ ပေးဖို့ လိုပါတယ်။ ခွေးရူးကို ထိန်းသိမ်းဖို့ ဆရာဝန်တွေမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် အားလုံးကို ကာကွယ်မပေးနိုင်တောင်မှာ ခွေးရူးကာကွယ်ဆေးကို နှစ်စဉ် မှန်မှန် ထိုးပေးခြင်းအားဖြင့် ရောဂါဖြစ်ပွားနှုန်းက သိသိသာသာ ကျလာပါတယ်''လို့ပြောပါတယ်။

ဇွန် ၂၄ ရက်က အခမဲ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်း ဖွင့်ပွဲအနေနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆ ကျောင်းမှာ ခွေး ၉၆ ကောင်၊ ကြောင် ၁၂ ကောင်ကို အခမဲ့ ထိုးပေးခဲ့ပါတယ်။

လာမယ့် စနေ၊ တနင်္ဂနွေနေ့မှာမြို့ပေါ်ရှိ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ပြင်ဦးလွင်မြို့ရှိ ခွေးအကောင်ရေ ၃၀၀ ကျော်ရှိ ခွေးခြံတစ်ခုမှာ ခွေးရူးရောဂါကာကွယ်ဆေးကို အခမဲ့ လိုက်လံ ထိုးပေးဖို့ရှိပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013