DVB Logo
Home
မြန်မာသတင်း
စာပေစိစစ်ရေးပြဿနာများ မကြာမီပြေလည်မည်
DVB
·
July 9, 2012
စာပေစိစစ်ရေးပြဿနာများ မကြာမီပြေလည်မည်
Donate to DVB

စာနယ်ဇင်းကောင်စီ ယာယီဖွဲ့စည်းရေး အပါအ၀င် စာပေစိစစ်ရေး ဖျက်သိမ်းရေးအထိ နှောင့်နှေးနေတဲ့ ကိစ္စရပ်တော်တော်များများဟာ ၀န်ကြီး အပြောင်းအလဲကို စောင့်ဆိုင်းနေတာကြောင့်ဖြစ်ပြီး၊ မကြာမီ ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် ပိတ်ဆို့နေတာတွေ အားလုံးပွင့်သွားနိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက စုံစမ်းသိရှိရပါတယ်။

စာနယ်ဇင်းကောင်စီဖွဲ့စည်းပြီး ဇွန်လကုန်မှာ စာပေစိစစ်ရေးကိုလည်း ဖျက်သိမ်းပစ်တော့မယ်လို့ လက်ရှိ စာပေစိစစ်ရေးညွှန်မှူး ဦးတင့်ဆွေက ကနဦး ထုတ်ဖော်ပြောကြားထားခဲ့ပြီး၊ အခု ဇူလိုင်လထဲ ရောက်လာတဲ့အထိ ကောင်စီလည်း မဖွဲ့ဖြစ်၊ စာပေစိစစ်ရေးလဲ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။

ဇွန်လဆန်းပိုင်းက ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် ရန်ကုန်ရောက်လာပြီး စာနယ်ဇင်းကောင်စီ အမြန်ဖွဲ့ဖို့ တွန်းအားပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီဖွဲ့ပြီးရင် စာပေစိစစ်ရေးဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

စာနယ်ဇင်းကောင်စီဖွဲ့စည်းဖို့အတွက် သတင်းစာဆရာအသင်း၊ ဂျာနယ်လစ်ကွန်ရက်၊ စာရေးဆရာအသင်းတွေက ကိုယ်စားလှယ်တွေ စာရင်းပေးဖို့လည်း ပြောခဲ့ပါတယ်။

ဒါပေမယ့် စာနယ်ဇင်းကောင်စီဖွဲ့စည်းရေးဟာ ထင်သာမြင်သာမရှိဘူးဆိုပြီး အဲ့ဒီအဖွဲ့တွေက ကိုယ်စားလှယ် စာရင်း မပေးခဲ့ကြပါဘူး။ နောက်ပိုင်းမှာ အစိုးရက ၀င်ရောက် စွက်ဖက်ခြယ်လှယ်တာမျိုး မရှိဘူးဆိုတဲ့ အာမခံချက်နဲ့အတူ စာနယ်ဇင်းကောင်စီဖွဲ့စည်းပုံကို ချပြလာတဲ့အတွက် အဖွဲ့အတော်များများက ကိုယ်စားလှယ်စာရင်း ပေးပို့ခဲ့ကြပေမယ့် စာနယ်ဇင်းကောင်စီကတော့ အခုထိ ပေါ်မလာသေးပါဘူး။

အခုအချိန်မှာ စာပေစိစစ်ရေးဆိုတာ အမြန်ဆုံး ဖယ်ရှားသင့်တဲ့ ကိစ္စဖြစ်တဲ့ အကြောင်း မော်ဒန်နဲ့ ကုမုဒြာဂျာနယ်၊ အယ်ဒီတာချုပ် ကျော်ရင်မြင့်က ပြောပါတယ်။

“ကျနော်ကတော့ အစဉ်တစိုက် ပြောလာခဲ့တာ စာပေစိစစ်ရေးဆိုတာ မရှိလေကောင်းလေဆိုတာ အမြဲပြောလာခဲ့တယ်။ ဇွန်လကုန်မှာ စာပေစိစစ်ရေးမရှိတော့ဘူးလို့ ကြားလိုက်တုန်းက ၀မ်းသာပါတယ်။ အခုထိ ရှိနေသေးတာ စိတ်မကောင်းပါဘူး။ ကျနော်တို့တွေဟာ ဒီမိုကရေစီ နိုင်ငံအဖြစ် ဖော်ဆောင်လာတဲ့အချိန်မှာ စာပေစိစစ်ရေးဟာလည်း မရှိရတော့မယ့် အရာတခုလို့ ကျနော်မြင်ပါတယ်။ ဒီလို မရှိမှသာ ပိုပြီးတော့ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ပြောကြားခွင့် ဆိုတာတွေ တကယ်ပေးတယ်ဆိုတဲ့ သရုပ်ကို သက်သေပြရာ ကျပါတယ်။ ကျနော်တော့ ဒီလိုမြင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013