
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးကို လာမယ့် ဇူလိုင် ၁၁ ရက်ကစပြီး နေပြည်တော်မှာ ၄ ရက်ကြာလောက် ကျင်းပဖို့ရှိနေတယ်လို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
“ညီလာခံကတော့ ပုံမှန်အားဖြင့်တော့ ငါးရက်ပေါ့။ သို့သော် ကျနော်တို့ကတော့ အခု လေးရက် (၁၁၊ ၁၂၊ ၁၃၊ ၁၄) လေးရက်လောက်ဆို အဆင်ပြေမလားပေါ့။ ဒါလည်း လုပ်ငန်းကော်မတီအစည်းအဝေးတွေကနေ သဘောထား ဘယ်လောက်ရမလဲအပေါ် မူတည်ပြီးတော့ ညီလာခံရက်က ဘယ်လောက်ဆိုတာဖြစ်မှာ”လို့ ဦးဇော်ဌေးက ဇွန် ၂၅ ရက်က နေပြည်တော်ရှိ NRPC ရုံးမှာ ပြုလုပ်တဲ့ UPDJC အတွင်းရေးမှူး အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို တော်တော်များများ ဖိတ်သွားမှာဖြစ်သလို ဝ၊ မိုင်းလား၊ SSPP ၊ KIA တို့ကိုလည်း ဖိတ်သွားမယ်လို့ ပြောပါတယ်။
“KNPP ကို ဖိတ်ဖို့အတွက် UPDJC အစည်းအဝေးမှာ တင်ပြသွားရဦးမှာ ဖြစ်ပါတယ်။ AA ၊ TNLA ၊ MN DAA သုံးဖွဲ့ ဖိတ်ကြားဖို့ကိုတော့ အစိုးရနဲ့ တပ်မတော်တို့ ညှိနှိုင်းပြီးမှ ဖိတ်၊ မဖိတ် ဆုံးဖြတ်သွားဖို့ရှိပါတယ်။”
ဒါ့အပြင် အရင်ညီလာခံနဲ့ မတူတဲ့ အခင်းအကျင်းတွေလည်း ပြောင်းသွားမယ်လို့ ပြောပါတယ်။
အရင်ညီလာခံတွေတုန်းက ကဏ္ဍအလိုက် အစည်းအဝေးတွေကို အဓိကထား ဆောင်ရွက်ခဲ့ပေမယ့် အခုလာမယ့် ညီလာခံမှာ အစုအဖွဲ့အလိုက် အစည်းအဝေးတွေကို အဓိက ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။











