DVB Logo
Home
မြန်မာသတင်း
မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့ အရာရှိကြီး  ၇ ဦးကို ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ
DVB
·
June 26, 2018
မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့ အရာရှိကြီး  ၇ ဦးကို ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ
Donate to DVB

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး မြန်မာတပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က အဆင့်မြင့်အရာရှိကြီး ၇ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူ လိုက်ကြောင်း  အီးယူရဲ့ ဥရောပကောင်စီက ဇွန်လ ၂၅ရက်နေ့စွဲနဲ့ ကြေညာပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း ဥပဒေပြင်ပသတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ နေအိမ်တွေကို စနစ်တကျမီးရှို့ ဖျက်ဆီးမှု အပါအ၀င် ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ  ကိုယ်တိုင်ပါဝင်တာ ဒါမှမဟုတ် ပတ်သက် ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲပြီး ခုလို ဒဏ်ခတ်အရေးယူ လိုက်တာဖြစ်ပါတယ်။

အရေးယူခံရသူ ၇ ဦးထဲမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး  ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ ခြေမြန်တပ်မ ၉၉ တပ်မမှူး  ဗိုလ်မှူးချုပ် သန်းဦး၊ ခြေမြန်တပ်မ ၃၃ တပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်နဲ့ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦးတို့ ပါဝင်ပါတယ်။

အီးယူရဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေထဲမှာ အဆိုပါ မြန်မာစစ်ဘက်နဲ့ ရဲအရာရှိကြီး ၇ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်တာနဲ့ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

ဥရောပ ကောင်စီအနေနဲ့  မြန်မာပြည်ရဲ့ အခြေအနေကို နီးနီးကပ်ကပ်စောင့်ကြည့်နေမှာ ဖြစ်ပြီး အဆက်မပြတ် ပြန်လည်ဆန်းစစ် သုံးသပ်တာတွေလုပ်ပြီး နောက်ထပ်ပစ်မှတ်ထား အရေးယူမှုတွေပြုလုပ်ဖို့ အပါအ၀င် ဆုံးဖြတ်ချက်တွေဆက်လက် ချမှတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့  တာဝန်ယူတာဝန်ခံမှုတွေရှိအောင် ဆောင်ရွက်ဖို့လည်း မြန်မာအစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို အီးယူက တောင်းဆိုပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု တားမြစ်ထားတာကို ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ သက်တမ်းထပ်တိုးခဲ့သလို မြန်မာတပ်မတော်သားတွေကို စစ်သင်တန်းပေး တာနဲ့ မြန်မာစစ်တပ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013