DVB Logo
Home
Lead Story
ဖိလစ်ပိုင်သမ္မတဟောင်း ဘင်နီညို အကွီနိုရဲ့ ဘဏ္ဍာရေးအလွဲသုံးစွဲမှု
DVB
·
June 25, 2018
ဖိလစ်ပိုင်သမ္မတဟောင်း ဘင်နီညို အကွီနိုရဲ့ ဘဏ္ဍာရေးအလွဲသုံးစွဲမှု
Donate to DVB

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖိလစ်ပိုင်သမ္မတဟောင်း ဘင်နီညိုအကွီနိုကို နိုင်ငံဘဏ္ဍာ အလွဲအသုံးပြုမှုနဲ့ ဖိလစ်ပိုင် အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။

သမ္မတဟောင်း အကွီနို(၃) ဟာ ၂၀၁၁ ခုနှစ်အတွင်း အစိုးရဘဏ္ဍာငွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကို သမ္မတ အခွင့်အာဏာကို အလွဲသုံးပြီး လွှဲပြောင်းအသုံးပြုဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် ခုလို တရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။

သူက အစိုးရဘဏ္ဍာငွေ ၁ ဒသမ ၆ ဘီလီယံကို တခြားအစီအစဉ်တွေအတွက် လွှဲပြောင်းအသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ နောက်ပိုင်းမှာ နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ထုတ်ပြန် ကြေညာခဲ့တာကြောင့် ဖြစ်ပါတယ်။

သမ္မတဟောင်း အကွီနိုကတော့ အဲဒီဘဏ္ဍာငွေကြေးတွေကို လွှဲပြောင်းအသုံးပြုဖို့ အဆုံးအဖြတ်ဟာ အထောက်အထား အခိုင်အမာရှိပြီး တရားဥပဒေက ခွင့်ပြုထားတာ ဖြစ်တယ်လို့ အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အစိုးရ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တာဝန်အရ အထူးစွဲဆိုရေးမှူးတွေကတော့ သမ္မတဟောင်း အကွီနိုဟာ အဲဒီငွေတွေကို ဖိလစ်ပိုင် ကွန်ဂရက်လွှတ်တော်က သဘောတူ အတည်မပြုရသေးတဲ့ စီမံကိန်းတွေအတွက် အသုံးပြုဖို့ လွှဲပြောင်းပေးအပ်တဲ့ ဆုံးဖြတ်မှုဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ ပေးအပ်မှုတခုဖြစ်လို့ သူ့မှာ တာဝန်ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

သူတို့က သမ္မတဟောင်း အကွီနိုဟာ အဲဒီ ဘဏ္ဍာငွေကြေးတွေကို အစိုးရဘတ်ဂျက်ထဲက ဆွဲထုတ်ဖို့ သိသိကြီးနဲ့ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးကို အဲဒီလို သဘောတူ ခွင့်ပြုခဲ့တာဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လွှဲပြောင်းပေးအပ်မှု ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ကြပါတယ်။

သမ္မတဟောင်း အကွီနို တခြားအစီအစဉ်တွေအတွက် လွှဲပြောင်းသုံစွဲခွင့်ပြုခဲ့တဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနဲ့ ညီမျှတဲ့ ဖိလစ်ပိုင် ပီဆိုငွေ ၇၂ ဘီလီယံ ဖြစ်ပါတယ်။ သူ့ငွေကြေးနဲ့သူ အတော်များပြားတဲ့ ငွေကြေးပမာဏလို့ ပြောရမှာပါပဲ။

အခုလို သမ္မတဟောင်း အကွီနိုကို တရားစွဲဆိုဖို့ ဆုံးဖြတ်လိုက်တာဟာ ပထမ ဆုံးဖြတ်ချက်ဖြစ်တဲ့ သမ္မတကို အပြစ်ကင်းစင်တယ်လို့ ချမှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေပါတယ်။ အဲဒီ ပထမ စီရင်ဆုံးဖြတ်ချက်ကို အတိုက်အခံ ဥပဒေပြု အမတ်အုပ်စုနဲ့ တက်ကြွလှုပ်ရှားသူတွေက အန်တုစိန်ခေါ်ပြီး အပြစ်ရှိတယ်လို့ ပြန်လည် တရားစွဲဆိုနိုင်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

အကွီနိုကို အစိုးရငွေကြေးတွေနဲ့ ချမ်းသာကြွယ်ဝအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲမခံရခင်မှာ သူက အစိုးရငွေတွေကို ကွန်ဂရက်လွှတ်တော် အဖွဲ့ဝင်တွေနဲ့ အထက်လွှတ်တော်အမတ်တချို့ကို အစိုးရငွေသုံးပြီး တံစိုးလက်ဆောင်ပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ဝေဖန်ရေးသမားတွေနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက  ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

သူက ငွေတွေကို လွှဲပြောင်းပေးအပြီးမှာ ဥပဒေပြုအမတ်တွေရဲ့ အကူအညီကို ရယူပြီး တရားရုံးချုပ် တရားသူကြီးချုပ်ကို တရားစွဲဆို ရာထူးက ဖယ်ရှားပစ်ဖို့ ကြိုးစားခဲ့တယ်လို့လည်း မီဒီယာတွေက ဆိုပါတယ်။

အဲဒီတရားသူကြီးချုပ်ဟာလည်း နောက်ပိုင်းမှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မှန်မှန်ကန်ကန် ကြေညာဖို့ ပျက်ကွက်ခဲ့လို့ အပြစ်ရှိကြောင်း အထက်လွှတ်တော်က တွေ့ရှိခဲ့ပါတယ်။ ဒီ အစိုးရဘဏ္ဍာငွေကြေး လွှဲပြောင်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး သမ္မတဟောင်း အကွီနိုကတော့ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း အထောက်အထား အခိုင်အလုံရှိပြီး ဥပဒေက ခွင့်ပြုထားတဲ့ကိစ္စ ဖြစ်တယ်လို့ ငြင်းဆိုထားခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးချုပ်ရဲ့ ၂၀၁၄ ခုနှစ် ဆုံးဖြတ်ချက်အရ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်အမတ်လည်းဖြစ်၊ အဆိုတင် တောင်းဆိုသူလည်းဖြစ်တဲ့ ကားလို့စ်ဇာရာတေကတော့ သူ့ပါတီကတော့ သမ္မတဟောင်း အကွီနိုကို တရားစွဲဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။ သူက သမ္မတဟောင်း အကွီနိုနဲ့ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ဟာ ဥပဒေပြုရေးအာဏာကို မတရားရယူသုံးစွဲမှုနဲ့တင် မကဘဲ လုပ်ထုံးလုပ်နည်းအရ အကျင့်ပျက်မှုနဲ့ ငွေကြေးအကျင့်ပျက် ခြစားမှုနဲ့ပါ သမ္မတရဲ့ မဲဆန္ဒနယ်တခုထဲ အကျိုးစီးပွားအတွက် စတင်ပြုလုပ်သူနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သူအဖြစ် နှစ်ယောက်စလုံးကို တရားစွဲဆိုသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဘီဂေးလ် ဗော့လ်ထ်ကတော့ “သမ္မတဟောင်းက ဆုံးဖြတ်ချက်ကော်ပီကိုတော့ ရပါပြီ” လို့ ပြောကြားခဲ့ပြီး သူက “တရားရုံးက သမ္မတဟောင်းမှာ ဒီဘဏ္ဍာငွေကြေးနဲ့ ပတ်သက်ပြီး တာဝန်မရှိပါဘူးလို့ ဆုံးဖြတ်ထားတဲ့ အရင်ကဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်ဘက် ဆုံးဖြတ်ချက်ကို ဘယ်လိုဖြစ်လို့ ချခဲ့တာလဲ ဆိုတာကို ကျနော်တို့ သိချင်နေပါတယ်” လို့လည်း တဆက်တည်း ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်း အကွီနိုကို အစိုးရဘဏ္ဍာငွေကိစ္စနဲ့ တရားရုံးမှာ စွဲဆို တရားရင်ဆိုင်ရမယ့် နေ့ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ တကယ်လို့များ သမ္မတဟောင်း အကွီနိုဟာ ဒီအစိုးရဘဏ္ဍာငွေ ပြောင်းလဲသုံးစွဲဖို့ ခွင့်ပြုခဲ့တဲ့ကိစ္စမှာ အပြစ်ရှိတယ် ဆိုရင်တော့ “ယာယီအထူးအရည်အသွေး မပြည့်မီမှု” ပြစ်ဒဏ်နဲ့ ထောင်ဒဏ် ၆ လနဲ့ တရက်ကနေ ၆ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ တရားရုံးရဲ့ အဆုံးအဖြတ်ကိုတော့ သမ္မတဟောင်း အကွီနိုက ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း အကွီနို(၃) ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၅ ယောက်မြောက် သမ္မတဖြစ်ပြီး ခုလို သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တရားစွဲဆို တင်ပို့ခံရတာကတော့ သူတယောက်တည်း မဟုတ်ပါဘူး။ ဖိလစ်ပိုင်သမ္မတအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၄ ယောက်မြောက် သမ္မတ  အာရိုယိုဟာလည်း သူ့ရဲ့သက်တမ်းအတွင်း မရှိဆင်းရဲသားတွေအတွက် ပေးကမ်းစွန့်ကြဲရေး အစီအစဉ်တွေအတွက် ဖြစ်တဲ့ အစိုးရ ထီလက်မှတ်ရောင်းရငွေထဲက ပီဆိုငွေ ၃၆၆ သန်း (ဒေါ်လာ ၈ ဒသမ ၈ သန်း) ကို သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအအတွက် ခိုးယူသုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပြီး စစ်တပ်ဆေးရုံမှာ ၅ နှစ် ထိန်းသိမ်းခံရပြီးတဲ့နောက် သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို တရားရုံးက ပယ်ဖျက်ပေးလိုက်တဲ့အတွက် ပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်။

သူ့မတိုင်ခင်က ၁၃ ယောက်မြောက် ဖိလစ်ပိုင်သမ္မတ ဂျိုးဇက် အက်စ်ထရာဒါ ဟာလည်း အလားတူ သမ္မတသက်တမ်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ခိုးယူသုံးစွဲခဲ့မှု အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကိုဆက်ခံခဲ့တဲ့ သမ္မတ အာရိုယိုက လွတ်ငြိမ်းခွင့်ပေးခဲ့လို့ ပြန်လည် လွတ်မြောက်ခဲ့ရပါတယ်။

အဲဒီလိုပဲ နိုင်ငံအတော်များများက သမ္မတတွေဟာ သူတို့သက်တမ်းတွေအတွင်း အကျင့်ပျက်ခြစားမှု အာဏာအလွဲသုံးစားပြုမှုတွေနဲ့ တရားစွဲဆိုခံရ၊ ပြစ်ဒဏ်ကျခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်မှာတော့ ဘယ်သမ္မတမှ အဲဒီလို တရားစွဲဆိုခံရ၊ ပြစ်ဒဏ်ချခံခဲ့ရတယ်လို့ မရှိခဲ့ပါဘူး။ အကျင့်ပျက်ခြစားမှု လုံးဝ ကင်းစင်ခဲ့ကြလို့လားလို့ ယူဆရအောင်ကလည်း…….။  ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013