DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်ကျေးရွာ ၁၂၀ ကျော်တွင် ဝက်နားရွက်ပြာရောဂါကြောင့် ဝက်များ သေဆုံး
DVB
·
June 25, 2018
ဝန်းသိုမြို့နယ်ကျေးရွာ ၁၂၀ ကျော်တွင် ဝက်နားရွက်ပြာရောဂါကြောင့် ဝက်များ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၂၄ ရွာမှာ ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေတယ်လို့ ဝန်းသိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဆီက စုံစမ်းသိရပါတယ်။

ဝန်းသိုမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၁၇၉ ရွာရှိပြီး အဲဒီထဲက ၁၂၄ ရွာမှာ ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေတဲ့အတွက် ဝက်တွေ သေဆုံးနေတာ အများကြီးရှိနေပြီး လက်ရှိမှာ စာရင်းတွေ ကောက်နေဆဲပဲလို့  ဦးစီးအရာရှိ ဒေါက်တာဇာနည်ဇော်က ပြောပါတယ်။

“ဒီမှာဖြစ်တာကတော့ ကျေးရွာအားလုံးရဲ့ သုံးပုံ နှစ်ပုံလောက် ဖြစ်နေတယ်။ လောလောဆယ် ဝက်နားရွက်ပြာ ဖြစ်နေတယ်။ ဇွန် ၁၂ ရက်ေန့က ဒီက ဓာတ်ခွဲခန်းကို ပို့လိုက်တာလေ။ ၁၄ ရက်နေ့မှာ ဓာတ်ခွဲခန်းအဖြေပြန်ရတယ်။ အဖြေက ဝက်နားရွက်ပြာရောဂါ ဖြစ်တယ်ဆိုတာ အတည်ပြုတာပေါ့လေ။ သေဆုံးတဲ့စာရင်းကတော့ ပြုစုနေတုန်းဗျ။ အဓိကက ကျနော်တို့က ကာကွယ်ကုသမှုအပိုင်းကို အဓိက အားစိုက်လုပ်နေတဲ့အခါကျတော့ သေဆုံးကောင်ရေက စစ်တမ်းကောက်နေဆဲပဲပေါ့နော်။”

တချို့က ဝက်တွေ မသေခင် ဈေးကွက်ထဲ ပို့လိုက်တဲ့အတွက် စစ်တမ်းကောက်ရာမှာ အခက်အခဲ ဖြစ်တယ်လို့ ပြောပါတယ်။  

လောလောဆယ် ဝက်နားရွက်ပြာနဲ့ပတ်သက်လို့ ပြည်သူလူထုတွေကို အသိပညာပေးတာ၊ ဝက်မွေးမြူရေးခြံတွေကို ပိုးသတ်သန့်စင်ပေးတာတွေအပြင် ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို ရွှေ့ပြောင်းသယ်ဆောင်တာ မရှိစေဖို့ ဒေသအာဏာပိုင်ေတွက တားဆီးပိတ်ပင်ထားပါတယ်။

ဒါ့အပြင် သေသွားတဲ့ ဝက်တွေကိုတော့ ပညာပေးပြီး မြေမြှုပ်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒီရောဂါဟာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီး တိုက်ရိုက်ကုသပေးနိုင်တဲ့ ဆေးမရှိပေမယ့် တချို့ဝက်တွေမှာတော့ ခံနိုင်ရည်အားကောင်းမယ်ဆိုရင် ပြန်ကုသနိုင်တဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

ဝက်နားရွက်ပြာရောဂါဟာ မြန်မာနိုင်ငံကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင် ကူးစက်ပြန့်ပွားခဲ့တာဖြစ်ပြီး လူတွေကို ကူးစက်တာ မရှိပေမယ့် ဝက်တွေ သေဆုံးနိုင်တဲ့အတွက် မွေးမြူရေးလုပ်ငန်းကို ထိခိုက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013