DVB Logo
Home
မြန်မာသတင်း
နိပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ဒုံသမိချောင်းပေါ် တံတားတည်ဆောက်မည်
DVB
·
June 25, 2018
နိပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ဒုံသမိချောင်းပေါ် တံတားတည်ဆောက်မည်
1 / 2
Donate to DVB

လူမှုဘဝဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကုန်စည်းစီဆင်းမှု လျင်မြန်စေဖို့ ဘားအံမြို့နယ်၊ မန်းကျည်းကျွန်းကျေးရွာအနီးက ဒုံသမိချောင်းပေါ် တံတားတည်ဆောက်ဖို့ မြေနေရာ ကွင်းဆင်း စစ်ဆေးမှုတွေကို ကရင်ပြည်နယ် အစိုးရက ဆောင်ရွက်နေပါတယ်။

ဒုံသမိချောင်းဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အကြား ဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီး ချောင်းကို အဓိက ဖြတ်သန်းသွားလာနေတဲ့ ဒေသခံတွေရဲ့ လူမှုဘဝဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကုန်စည်းစီးဆင်းမှု လျင်မြန် မြန်ဆန်စေဖို့အတွက် ကရင်ပြည်နယ် အစိုးရက နိပွန်ဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ တည်ဆောက်သွားမှာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးမင်းတင်ဝင်းက “နိပွန်ဖောင်ဒေးရှင်းက တံတားနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးချင်တယ်ဆိုပြီး ကမ်းလှမ်းလာတဲ့ စကားတွေအပေါ်မှာ မူတည်ပြီးတော့ ဆောက်မလို့ပါ။ လာမယ့် ခြောက်သွေ့ရာသီ ရောက်ရင်တော့ ဆောက်ဖြစ်မယ့် အနေအထားမျိုး ရှိတယ်နဲ့ တူတယ်။ ဆောက်ဖြစ်ဖို့ ရာခိုင်နှုန်း ၉၀ လောက်ရှိပါတယ်”လို့ ပြောပါတယ်။

ဇွန် ၂၂ ရက်နေ့မှာ တာဝန်ရှိသူတွေက တံတားတည်ဆောက်ရေးအတွက် ကနဦး စစ်ဆေးဖို့ မြေပြင်ကွင်းဆင်းလေ့လာခဲ့ရာ မန်းကျည်းကျွန်းကျေးရွာ (ဘားအံမြို့နယ်)မှ ကင်းရွာ(ပေါင်မြို့နယ်) ကို ပေ ၁၀၀၀ ခန့် အရှည်၊ မန်းကျည်းကျွန်းကျေးရွာမှ နတ်မှော်ကျေးရွာ(ပေါင်မြို့နယ်)ကို ပေ ၅၀၀ ခန့်အရှည်၊ မြေ နှစ်နေရာကို သတ်မှတ်လျာထားပြီး တံတားတည်ဆောက်ရေးအတွက် မွန်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပါတယ်။

မော်လမြိုင်မြို့ ပြည်တွင်းရေကြောင်းဦးစီးဌာန(တက်မကိုင်) ဦးဝင်းနိုင်က “အခုက ဒီက ဆရာတွေ စီစဉ်ပေးတဲ့အတွက် လှေလေးနဲ့ သွားရလာရ လွယ်ကူသွားတယ်။ အခုချက်ချင်း ရုံးတက်တော့မယ်ဆို ၁ နာရီခွဲအတွင်းမှာ ရောက်အောင် မောင်းရတာ။ အရင်တုန်းကဆိုရင် ဆိုင်ကယ်ကြီးကို မရတာနဲ့ ဆင့်ကဲ ဆင့်ကဲ သွားရတာ။ ဒီကနေသွားပြီး တက္ကစီတွေခေါ်၊ ဟိုကနေ လိုင်းကားကြီးတွေစီး၊ အဲလိုမျိုး အခက်အခဲတွေ ရှိတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးအပြင် ဘားအံမြို့နယ်ထဲက ဒေသခံတွေပါ မန်းကျည်းကျွန်းကျေးရွာကို အဓိက ဖြတ်သန်းသွားလာနေရတာဖြစ်ပြီး အဲဒီကျေးရွာဟာ ကရင်ပြည်နယ်အတွက် မီးဖိုချောင်သီးနှံ အဓိကထွက်ရှိတဲ့ဒေသ ဖြစ်တဲ့အပြင် ပိုလျှံသီးနှံတွေကို မွန်ပြည်နယ်ကိုပါ သီးနှံကုန်စည်တွေ တင်ပို့ရောင်းချနေတာပါ။

ဘားအံမြို့နယ်၊ မန်းကျည်းကျွန်းကျေးရွာ၊ ရပ်မိရပ်ဖ ဦးသန်းဦးက “ကျနော်တို့ ဒီလို ဖောင်နဲ့ကျတော့ ညဘက်ဆိုရင် တစုံတခု ဖြစ်ခဲ့ရင် သွားလာဖို့ဆိုတာ မလွယ်ကူဘူး။ သွားလာလို့ မရဘူး။ နေ့ခင်းပိုင်းလောက်ပဲ သွားလာလို့ ရတယ်။ တံတားမရှိတဲ့အတွက် တခါ တခါမှာ သွားရလာရတာ နှောင့်နှေးတယ်။ ကြန့်ကြာတယ်။ တံတားတစင်းသာ ဖြစ်လာခဲ့၊ ရှိခဲ့မယ်ဆိုရင် သွားရေးလာရေး လွယ်ကူကြမယ်”လို့ ပြောပါတယ်။

အဆိုပါ တံတားဟာ ဒုံသမိချောင်းပေါ်မှာ ပြည်နယ် ၂ ခုကို ဆက်သွယ်ပေးတဲ့ ဒုတိယမြောက်တံတားဖြစ်ပြီး တံတားကို ဂျပန်နည်းပညာအတိုင်း မြန်မာအင်ဂျင်နီယာတွေက တာဝန်ယူ တည်ဆောက်သွားမှာဖြစ်ပြီး တံတားအမျိုးအစားနဲ့ ကုန်ကျတန်ဖိုးတွေကို မသတ်မှတ်ရသေးဘူးလို့ တာဝန်ရှိသူ ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013