DVB Logo
Home
မြန်မာသတင်း
အစ္စလာမ်ဘာသာဝင် ကျောင်းသားများအတွက် မောင်တောတွင် အဝေးသင်ဌာနခွဲဖွင့်ရန် စီစဉ်
DVB
·
June 24, 2018
အစ္စလာမ်ဘာသာဝင် ကျောင်းသားများအတွက် မောင်တောတွင် အဝေးသင်ဌာနခွဲဖွင့်ရန် စီစဉ်
Donate to DVB

မောင်တောခရိုင်က အစ္စလာမ်ဘာသာဝင် ကျောင်းသားတွေ အဝေးသင်ပညာ ဆက်လက် သင်ကြားနိုင်ဖို့အတွက် မောင်တောမှာ အဝေးသင်ဌာနခွဲဖွင့်ဖို့ စီစဉ်နေတယ်လို့ စစ်တွေတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က ပြောပါတယ်။

အရင် ပညာသင်နှစ်တွေက အဆက်ပြတ်နေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ စစ်တွေ တက္ကသိုလ်မှာ နေ့ကျောင်းတက်ခဲ့ပြီး အဝေးသင်ပြောင်းရွှေ့လိုသူတွေနဲ့ အဝေးသင် တက်ခွင့်ရသူတွေ သင်ကြား ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

“အဲဒီဒေသမှာရှိပြီး စစ်တွေတက္ကသိုလ်ကို လာရောက်သင်ကြားနိုင်ခြင်းမရှိတဲ့၊ အဓိက ကတော့ အစ္စလာမ် (ဘာသာဝင်) ကျောင်းသားတွေပေါ့။ သူတို့က ဒီမှာကျောင်းလာတက်ဖို့ အဆင်မပြေဘူးလေ။ အဲဒီအတွက်ကြောင့် အဲဒီမှာ ဝန်ထမ်းတယောက်၊ နှစ်ယောက်လောက် ထားပြီး ဌာနခွဲတခု ဖွင့်မှာပါ” လို့ စစ်တွေ တက္ကသိုလ်ပါမောက္ခချုပ် တာဝန်ယူထားတဲ့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

ဒါကြောင့် ကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကတဆင့် သင်တန်းရေးရာတာဝန်ခံ ဌာနမှူး မော်ကွန်းထိန်းဆီကို ဆက်သွယ်ကြဖို့ကို နှိုးဆော်ထားပါတယ်။

“ဝိဇ္ဇာတွဲမှာ မြန်မာစာ အမှတ်မီရင် မြန်မာစာပေါ့။ နောက်တခုက သမိုင်းပေါ့။ ဆရာ၊ ဆရာမရဖို့ အခက်အခဲရှိတာကြောင့် ဒီဘာသာရပ်နှစ်ခုပဲ တက်လို့ရပါမယ်။ သိပ္ပံတွဲအတွက်ကတော့ လက်တွေ့လုပ်ဖို့မလွယ်တာကြောင့် မဖွင့်သေးတာပါ” လို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

လတ်တလောမှာတော့ မောင်းတောမြို့မှာ ဖွင့်ဖို့ လျာထားပြီး တာဝန်ရှိသူတွေ သွားကြည့်ဦးမှာ ဖြစ်လို့ နေရာကတော့ အပြောင်းအလဲ ဖြစ်နိုင်သေးတယ်လို့ သူက ဆိုပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ကျောင်းသားတွေအနေနဲ့ စစ်တွေ တက္ကသိုလ် အဝေးသင်ဌာနမှာ လာရောက် သင်ကြားဖို့ အဆင်မပြေခဲ့ကြဘူးလို့ သူက ပြောပါတယ်။

ဘူးသီးတောင်မြို့က အစ္စလာမ်ဘာသာဝင် ကျောင်းသားတယောက်က “၂၀၀၀ ခုနှစ် အထိ အစ္စလာမ် ဘာသာဝင်ကျောင်းသားတွေဟာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေကို စစ်တွေ၊ ရန်ကုန် အပါအဝင်မြို့တွေမှာ တက်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ မှတ်ပုံတင် မရှိရင် ဘွဲ့မပေးဘူးဆိုပြီး ဘာသာရပ်ပြောင်းခိုင်းတယ်၊ ဘွဲ့မပေးတော့ဘူး။ ၂၀၁၂ ခုနှစ်မှာတော့ စစ်တွေ တက္ကသိုလ်မှာတက်နေတဲ့ ဘူးသီးတောင်၊ မောင်းတောနဲ့ ရသေ့တောင်က ကျောင်းသား တွေကို ဘူးသီးတောင်မှာ စာမေးပွဲဖြေရတယ်။ အဲဒါကကျောင်းသားတွေအတွက် နောက်ဆုံး စာမေးပွဲပဲ။ ဒီနောက်ပိုင်းမှာတော့ လက်ရှိတက်နေတဲ့ ကျောင်းသားတွေရော၊ ၁၀ တန်းအောင်ပြီး မေဂျာကျလာတဲ့ ကျောင်းသားတွေ အတွက်ရော ခရီးသွားလာခွင့် မပေးတော့ဘူး” လို့ ပြောပါတယ်။

စစ်တွေမြို့မှာရှိတဲ့ အစ္စလာမ် ဘာသာဝင် ကျောင်းသားတယောက်ကလည်း သူတို့ အနေနဲ့ မြို့ပေါ် အောင်မင်္ဂလာရပ်ကွက်က အပြင်ကို ထွက်ခွင့်မရသလို ဒုက္ခသည်စခန်းတွေ၊ ရွာတွေမှာ နေထိုင်သူတွေကလည်း မြို့ပေါ်ကို သွားလာခွင့်မရတာကြောင့် တက္ကသိုလ်တက်ခွင့် မရဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့နယ် သက်ကယ်ပြင်ရွာနဲ့ သံတွဲမြို့တို့မှာ အဝေးသင်ဌာနခွဲတွေ ဖွင့်ထားပြီး အစ္စလာမ်ဘာသာဝင် အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ အနီးကပ်သင်တန်းတက်တာ၊ စာမေးပွဲဖြေတာတွေရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013