DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ကျပ်သိန်း ၁ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
June 24, 2018
ရှမ်းပြည်နယ်တွင် ကျပ်သိန်း ၁ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်နဲ့ မဘိမ်းမြို့နယ်တွေမှာ ကျပ်သိန်းပေါင်း ၁၆၇၁၉ ဒသမ ၉၇၅ သိန်း  တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

လွိုင်လင်မြို့နယ်၊ လွိုင်လင်-နမ့်စန်သွားကားလမ်း၊ နယ်ခြားမှတ်တိုင်မှာ မူးယစ်တပ်ဖွဲ့နဲ့ ပူပေါင်းအဖွဲ့ဟာ ဇွန် ၂၃ ရက်နေ့  ၈ နာရီ ၄၅ မိနစ်က အောင်မျိုး (ခ)ထွန်းမြတ် မောင်းနှင်လာတဲ့ MARK X ကားတွင်း ရှာဖွေရာမှ အောင်မျိုးရဲ့အင်္ကျီ အိတ်ကပ်အတွင်းကနေ အိုက်စ် ၁ ဒသမ ၀၀၁၅ ကီလိုနဲ့ ကားနောက်ထိုင်ခုံ တန်းနဲ့ ကြမ်းခင်းကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြား၊ ငွေ ၄၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်းတစ်လုံး တွေ့ရှိခဲ့ပါတယ်။

ဇွန် ၂၃ ရက်နေ့ နေ့လယ် ၃ နာရီခွဲအချိန်ကလည်း မဘိမ်းမြို့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့ဟာ မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာအုပ်စု၊ ဒေသအခေါ် တစ်တောင်ကွေ့၊ ရွှေမျောဟောင်း လျှိုအတွင်းရှိ ယာယီရွက်ဖျင်တဲကို ရှာဖွေရာ ညီသန်းဝင်းကို တွေ့ရှိခဲ့ပါတယ်။

တဲခြေရင်းမြေကျင်းထဲရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ ပြားနဲ့ ဘိန်းဖြူဆပ်ပြာခွက် ၁၇၂ ခွက် (ဘိန်းဖြူအလေးချိန် ၁ ဒသမ ၇၂ ကီလို) တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ညီသန်းဝင်းနဲ့ အောင်မျိုး(ခ)ထွန်းမြတ်တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

ဇွန် ၂၁ ရက်နေ့ ၉ နာရီခွဲလောက်ကလည်း ဘားအံခရိုင်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဘားအံမြို့နယ်၊ ကော့လာပလကျေးရွာ အဝင် တံတားအနီးမှာ နိုင်ကျော်မြင့် (ခ)ညီညီဦး မောင်းနှင်လာတဲ့ CROWN မော်တော်ယာဉ်ကိုရှာဖွေရာမှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။

ဇွန် ၂၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း နိုင်ကျော်မြင့်(ခ)ညီညီဦး နေထိုင်တဲ့ ဘားအံ မြို့နယ်၊ ကော့ဂွန်းကျေးရွာရှိ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၉၅ ပြား ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ကျော်မြင့်(ခ)ညီညီဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013