DVB Logo
Home
မြန်မာသတင်း
မြန်မာလုံခြုံရေး အရာရှိ ၇ ဦးကို ဒဏ်ခတ်အရေးယူရန် အီးယူစီစဉ်
DVB
·
June 24, 2018
မြန်မာလုံခြုံရေး အရာရှိ ၇ ဦးကို ဒဏ်ခတ်အရေးယူရန် အီးယူစီစဉ်
Donate to DVB

ရခိုင်ပြည်နယ်ကနေ မွတ်စလင်ဒုက္ခသည်တွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့မှုကိစ္စကြောင့် မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ၇ ယောက်ကို ဥရောပသမဂ္ဂ အီးယူကနေ ဒဏ်ခတ်အရေးယူဖို့ စီစဉ်နေတယ်လို့ သံတမန်တွေဆီကနေ သိရှိရကြောင်း ဝေါလ်စထရိဂျာနယ်သတင်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလတုန်းက အီးယူကနေ မြန်မာကို လက်နက်အရောင်းအဝယ် ဆက်လက်ပိတ်ပင်ထားပြီးနောက်မှာ ဒီဆုံးဖြတ်ချက် ထွက်လာတာဖြစ်ပြီး တချိန်တည်းမှာပဲ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံတချို့ ကုန်ပစ္စည်းတွေ ရောင်းချတာတွေကို တားမြစ်ထားပြီးတော့ မြန်မာတပ်မတော်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း အဆုံးသတ်လိုက်ပါတယ်။

ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုဟာ ဆယ်စုနှစ်ကာလအတွင်း မြန်မာနဲ့ အနောက်နိုင်ငံတွေရဲ့ဆက်ဆံရေးကို သိသိသာသာ အချိုးအကွေ့  ဖြစ်သွားပါတယ်။

တနင်္လာနေ့မနက်ပိုင်း လူဇင်ဘတ်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ ဒီတခေါက် အရေးယူဒဏ်ခတ်မှုလုပ်ဖို့ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။

ဥရောပအနေနဲ့ ၂ဝ၁၃ မှာ အရေးယူဒဏ်ခတ်မှု အများဆုံး ဖြေလျော့ပေးခဲ့ပြီး ၂ဝ၁၄-၂ဝ ဘတ်ဂျက်ကာလအတွင်း မြန်မာနိုင်ငံအတွက် အကူအညီ ပေါင်သန်း ၇ဝဝ ပေးဖို့ လျာထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ရောက်သွားတာဟာ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ အီးယူဘက်က ခန့်မှန်းထားတဲ့ အလားအလာတွေဟာ ပြောင်းလဲသွားတယ်လို့လည်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်း က ပြောဆိုထားတာရှိပါတယ်။

မြန်မာတပ်မတော်ကတာ့ သူတို့ဆောင်ရွက်ချက်ဟာ ARSA အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုတွေကို တရားသဖြင့် တုံ့ပြန်တာလို့ ပြောဆိုထားပါတယ်။

အနောက်နိုင်ငံ အစိုးရတွေက မြန်မာတပ်မတော်ကို မကြာခဏ ဝေဖန်ပြစ်တင် ရှုတ်ချနေချိန်အတောအတွင်းမှာလည်း တပ်မတော်တာဝန်ရှိသူတွေကို ပြစ်ဒဏ်ပေးဖို့ နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေကလည်း အကန့်အသတ် ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ ထရမ့်အစိုးရဟာ ရိုဟင်ဂျာတွေကို နှိမ်နင်းရေးမှာ တာဝန်ရှိတဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ယူမှုအတွက် သီးခြားဖိအားပေးမှုတခုမှာဆိုရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးဟာ ဒီတပတ်ထဲမှာ နယ်သာလန်နိုင်ငံ ဿဟေ့ဂ်မှာ ပြုလုပ်မယ့် ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာတာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ တရားစီရင်ပိုင်ခွင့် ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး အိုင်စီစီက ချင့်ချိန်လုပ်ဆောင်နေပါတယ်။

အရေးယူ ဒဏ်ခတ်မယ့် လူတဦးချင်းစီရဲ့နာမည်တွေကိုတော့ တနင်္လာနေ့ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013