DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဆရာအဖွဲ့​ ဟန့်​တား​နှောင့်​ယှက်ခံရ
DVB
·
July 6, 2012
Donate to DVB

မန္တ​လေး​မြို့​မှာ ဆရာ ဆရာမများ​အဖွဲ့​ဖွဲ့​စည်း​ဖို ကြိုး​စား​နေတဲ့​ တက္ကသိုလ် ​ကျောင်း​ဆရာ​တွေကို အုပ်ချုပ်​ရေး​အာဏာပိုင်​တွေက ဟန့်​တား​ ခြိမ်း​ခြောက်တာ​တွေ လုပ်​နေပါတယ်။

မန္တ​လေး​တိုင်း​ ​ဒေသကြီး​ မဟာ​အောင်​မြေမြို့​နယ် အလုပ်သမား​ရုံး​မှာ အလုပ်သမား​ဖွဲ့​စည်း​ခွင့်​ မှတ်ပုံတင် ​လျှောက်ထား​တဲ့​ တက္ကသိုလ် ဆရာ ဆရာမများ​ အ​ခြေခံအဖွဲ့​က ဆရာ ဆရာမ​တွေကို သက်ဆိုင်ရာ ​ကျောင်း​ အုပ်ချုပ်​ရေး​အာဏာပိုင်​တွေက ဟန့်​တား​ခြိမ်း​ခြောက်တာ​တွေ လုပ်​နေတယ်လို့​ ဆရာ ဆရာမ​တွေက ​ပြောပါတယ်။

ဆရာတဦး​က “တက္ကသိုလ် ဆရာ ဆရာများ​ အ​ခြေခံအဖွဲ့​မှာ အဖွဲ့​ဝင်အဖြစ် ပါဝင်တဲ့​ ဆရာ ဆရာမ​တွေဟာ ထပ်ပြီး​လုပ်​ဆောင်​နေမယ်။ အသင်း​အဖွဲ့​အစည်း​နဲ့​ ဆက်လက်လုပ်​ဆောင်​နေမယ်ဆိုရင် အ​ဆောင်​နေထိုင်ခွင့်​ ရပ်ဆိုင်း​မယ်။ ​နောက် တက္ကသိုလ် ဆရာ ဆရာမများ​တွေဟာ ဥာဏလုပ်သား​တွေဖြစ်တဲ့​အတွက် ကာယလုပ်သား​ အလုပ်သမား​များ​ အဖွဲ့​အစည်း​တွေနဲ့​ ပါဝင်​ဆောင်ရွက်ခြင်း​မပြုရ။ ဒီ ၂ ချက်​ပြောပြီး​ လက်မှတ်ထိုး​ခိုင်း​တယ်။”

တက္ကသိုလ် ဆရာ ဆရာမများ​အ​ခြေခံအဖွဲ့​မှာ မန္တ​လေး​ မဟာ​အောင်​မြေ မြို့​နယ်မှာရှိတဲ့​ တက္ကသိုလ် ၃ ခုက ဆရာ ဆရာမ​တွေဟာ ​ကျောင်း​ဆရာ တက္ကသိုလ်ဆရာ ဆရာမများ​ အ​ခြေခံအဖွဲ့​အစည်း​ မဟာ​အောင်​မြေဆိုပြီး​တော့​ မြို့​နယ် အလုပ်သမား​မှတ်ပုံတင်ရုံး​မှာ ပြီး​ခဲ့​တဲ့​ အပတ်က တရား​ဝင် မှတ်ပုံတင်ခဲ့​တာပါ။

အ​ဆောင်​နေရာထိုင်ခင်း​ကို ခြိမ်း​ခြောက်တာမျိုး​အပြင် ရာထူး​မတိုး​ဖို့​ ခြိမ်း​ခြောက်တာလည်း​ လုပ်နိုင်တယ်လို့​ အဲဒီအဖွဲ့​က တွဲဖက်အတွင်း​ရေး​မှူး​ ​ဒေါက်တာသက်နိုင်ဦး​က ​ပြောပါတယ်။

“လက်ရှိ ဝန်ထမ်း​တွေကို ခြိမ်း​ခြောက်တယ်။ ​နေရာအ​ပြောင်း​အ​ရွှေ့​၊​ ​နေရာထိုင်ခင်း​၊​ ရာထူး​အဟန့်​အတား​တွေကို သူက ခြိမ်း​ခြောက်တယ်။ ဒါမျိုး​က အမြဲလုပ်​လေ့​လုပ်ထရှိတယ်။ ဒါဟာ ဗျူရိုကရက်ဆန်တဲ့​ ကိစ္စ​တွေ။ ပထမတကြိမ်ထုတ်တုန်း​က​တော့​ ကျ​နော်တို့​က လူမှု​ရေး​နဲ့​ ကျ​နော်တို့​ရဲ့​ အသိုင်း​အဝန်း​လေး​ ဂုဏ်သိက္ခာရှိ​အောင်ဆိုပြီး​ ကိုယ့်​ကိုယ်ကိုယ်တည်​ဆောက်ကြမယ်။ ပြုပြင်​ပြောင်း​လဲ​ရေး​တွေ လက်တွဲပါဝင်မယ်ဆိုပြီး​ လုပ်တာ။ ဒါကို သူတို့​က ဘာဖြစ်လာလဲဆို​တော့​ သူတို့​ကို တိုက်ခိုက်​တော့​မယ်လို့​ ယူဆလာလား​မသိဘူး​။ ကျ​နော်တို့​က ပုဂ္ဂိုလ်တဦး​တ​ယောက်၊​ တစုံတရာကို၊​ အဖွဲ့​အစည်း​ကို တိုက်ခိုက်ခြင်း​မရှိဘူး​။ ကိုယ့်​ကိုကိုယ် တည်​ဆောက်ကြမယ်ဆိုပြီး​ သွား​တဲ့​လမ်း​ကြောင်း​မှာ သူတို့​က ​နှောင့်​ယှက်ကြတယ်။ အဲ့​တော့​ ​တော်​တော်​လေး​ ဆန့်​ကျင်ဘက်ဖြစ်ကုန်ကြပြီ​ပေါ့​။”

အမရပူရမြို့​နယ် ရတနာပုံတက္ကသိုလ်က ဆရာ ဆရာမများ​ အဖွဲ့​ ဖွဲ့​စည်း​ဖို့​ ကြိုး​စား​နေတာကိုလည်း​ တက္ကသိုလ်အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေက ဆရာ ဆရာမ​တွေကို အခွင့်​အလမ်း​ မက်လုံး​ပေး​ပြီး​ ဆရာများ​အဖွဲ့​ မဖွဲ့​နိုင်​အောင် လုပ်​နေကြတယ်လို့​ ရတနာပုံတက္ကသိုလ် ဆရာဆရာမ​တွေက ​ပြောပါတယ်။

မန္တ​လေး​တိုင်း​ဒေသကြီး​ မဟာ​အောင်​မြေမြို့​နယ် တက္ကသိုလ်ဆရာဆရာမများ​ အ​ခြေခံအဖွဲ့​က ဥက္ကဋ္ဌ၊​ စိတ်ပညာဌာန တွဲဖက်ပါ​မောက္ခ ဦး​သက်လွင်က​တော့​ အခုလို ဟန့်​တား​ပိတ်ပင် ​နှောင့်​ယှက်တာကို ရှုတ်ချပြီး​ အမှု​ဆောင်အစည်း​အ​ဝေး​အပြီး​ သက်ဆိုင်ရာကို တိုင်တန်း​သွား​မယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ လုပ်​ဆောင်​နေတဲ့​ တက္ကသိုလ်က အကျုံး​ဝင်တာ ၃ ခုရှိတယ်။ မန္တ​လေး​တက္ကသိုလ်၊​ မန္တ​လေး​အ​ဝေး​သင် တက္ကသိုလ်၊​ နိုင်ငံခြား​ဘာသာတက္ကသိုလ်။ အဲဒီနီး​စပ်​နေတဲ့​ ၃ ခုမှာ မန္တ​လေး​ တက္ကသိုလ်နဲ့​ နိုင်ငံခြား​ဘာသာသင် တက္ကသိုလ်က အုပ်ချုပ်​ရေး​စီမံခန့်​ခွဲ​ရေး​မှာ ရှိတဲ့​ လူကြီး​တွေက မလိုအပ်တဲ့​ဟန့်​တား​ပိတ်ပင်မှု​တွေ ပြုလုပ်တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​ အဖွဲ့​အစည်း​ရဲ့​ အရှိန်အဟုန်ကို ပျက်​အောင် လုပ်တယ်လို့​ ကျ​နော်တို့​ ယူဆတယ်။”

သမ္မတ ဦး​သိန်း​စိန်က​တော့​ အလုပ်သမား​အဖွဲ့​စည်း​တခုခုမှာ ပါဝင်ဖို့​ မပါဝင်ဖို့​ကို ခြိမ်း​ခြောက်တာ​တွေ အမိန့်​အာဏာသုံး​ပြီး​ ​သွေး​ဆောင်ဖြား​ယောင်း​ တာ​တွေ လုပ်ခဲ့​ရင် ​ငွေဒဏ်နဲ့​ထောင်ဒဏ် ချမှတ်ခံရမယ်လို့​ ဥပ​ဒေ ထုတ်ပြန်ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013