DVB Logo
Home
မြန်မာသတင်း
ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှူးကို ဖေ့စ်ဘွတ်ခ်ကနေ ဝေဖန်ခဲ့သူတဦးအား ဖမ်းဆီးအမှုဖွင့်
DVB
·
June 22, 2018
ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှူးကို ဖေ့စ်ဘွတ်ခ်ကနေ ဝေဖန်ခဲ့သူတဦးအား ဖမ်းဆီးအမှုဖွင့်
Donate to DVB

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရခိုင်ပြည်နယ်အစိုးရဖွဲ့ဝင် အတွင်းရေးမှူးတဦးကို ဝေဖန်ရေးသားမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဦးအောင်သန်းဝေ ဆိုသူကို ဇွန် ၂၁ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆( ဃ) နဲ့ နိုင်ငံသားအခွင့် အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀နဲ့ အမှုဖွင့် တရားစွဲပြီး ဖမ်းဆီးတာလို့ ဦးအောင်သန်းဝေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်ကို ဖမ်းဆီးခံရတဲ့အကြောင်းအရာကတော့ လူသတ်လက်နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု တရားခံဘယ်သူလဲ စာတန်းတခုရေးပြီးမှ ဦးတင်မောင်ဆွေ ပစ္စတိုတလက်ကို ခါးမှာထိုးပြီး ဆရာတော်ကြီးကို ဝတ္ထုငွေ ကပ်တဲ့ပုံရယ်၊ နောက်ပြီး ကျနော် ရခိုင်ပြည်နယ်အစိုးရ တွေ့ဆုံအချိန်မှာ သူတို့ကို မေးမြန်းခဲ့တဲ့ ဗွီဒီယို ရုပ်သံဖိုင်တွေ အဲဒီကိစ္စကြောင့် ကျနော့်ကို ၆၆ (ဃ)နဲ့စွဲတယ်။ နောက်တချက်က နိုင်ငံသားအခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀ နဲ့ စွဲထားတယ်လို့ထင်တယ်။”

ပြည်နယ်အစိုးရရုံးက ပြုလုပ်ခဲ့တဲ့ မြောက်ဦးဖြစ်စဉ် ရှင်းလင်းမှုတွေနဲ့ပတ်သက်လို့ ဦးအောင်သန်းဝေက မြောက်ဦးမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အတွင်း  အရပ်သားတွေ သေဆုံးခဲ့မှုတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ငွေကြေးအရှုပ်အထွေးကို မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

ဒီအချက်ကို ဝေဖန်ထောက်ပြခဲ့တာကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်မှတ်ထိုးပြီးတော့ အမှုဖွင့်ထားတာလို့  ဦးအောင်သန်းဝေက ပြောပါတယ်။

“တရားဥပဒေစိုးရေးကို ပုံဖော်နေပါတယ်လို့ ပါးစပ်က ပြောနေတယ်။ လက်တွေ့မှာ ဘာမှမဟုတ်ဘဲ အစိုးရရဲ့ လွဲမှားမှုဖြစ်နေတာတွေကို ထောက်ပြဝေဖန်သူတွေ အခုလို ဖမ်းဆီးတယ်။ ဒါက တရားဥပေဒေ စိုးမိုးမှု ပိုပြီးကင်းမဲ့တယ်။”

အခုကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတင်မောင်ဆွေနဲ့ သက်ဆိုင်ရာ ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိတာကြောင့် တရားစွဲဆိုရတာနဲ့ ပတ်သက်လို့ မသိရသေးပါဘူး။

ဦးတင်မောင်ဆွေဟာ မကြာသေးခင်က စစ်ကိုင်းတိုင်းဒေသကို ပြောင်းရွှေ့ ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နေရာမှာ ရှိနေပါသေးတယ်။

Aung Than Wai အကောင့်အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရခိုင်ပြည်နယ်အစိုးရကို အုပ်ချုပ်ရေးနဲ့ စီးပွားရေး၊ ပညာရေးစတဲ့ အချို့တွေကို ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဒါ့ပြင် မကြာသေးခင်ကလည်း  ရခိုင်ပြည်နယ် ပညာရေး နိမ့်ကျနေတာနဲ့ ပတ်သက်ပြီး  ပြည်နယ်အစိုးရကို ဝေဖန်ရေးသားခဲ့တာကြောင့် ရမ်းဗြဲမြို့နယ်အမတ် ဦးသန်းမောင်ဦးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013