DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် တရုတ်ကုမ္ပဏီများက ပမာဏအများဆုံးလာရောက် ရင်းနှီးမြုပ်နှံ
DVB
·
June 22, 2018
စစ်ကိုင်းတိုင်းတွင် တရုတ်ကုမ္ပဏီများက ပမာဏအများဆုံးလာရောက် ရင်းနှီးမြုပ်နှံ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ  တရုတ်နိုင်ငံက ပမာဏ အများဆုံးဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးလာတဲ့ ၁၉၈၈-၈၉ ခုနှစ်က စတင်ကာ ဒီနေ့အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကဏ္ဍ၆ခုမှာ ကုမ္ပဏီ ၄၂ ခုက ရင်းနှီးမြှုပ်နှံထားပါတယ်။

အဲဒီထဲမှာ ပြည်တွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုက ၂၇ ခု၊ ရင်းနှီးမြုပ်နှံမှုပမာဏမှာ ၁၄၅ ဘီလီယံကျော်ရှိပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ ၁၅ ခုရှိကာ အမေရိကန်ဒေါ်လာ၂.၆ ဘီလံယံကျော်ရှိခဲ့ပါတယ်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဥရောပ ၁ နိုင်ငံ၊ အာရှ ၅ နိုင်ငံတို့က သတ္တုတွင်း၊ စက်မှု၊ စွမ်းအင်၊ ဝန်ဆောင်မှု စတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားပြီး အများစုကတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံရှိပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာစေရေးအတွက် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ၂၀၁၇ ဇူလိုင်လကနေ စတင်ဖွဲ့စည်းခဲ့ပါတယ်။

တိုင်းနဲ့ ပြည်နယ်အဆင့်မှာတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၅ သန်းအောက်နဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို မြန်မာကျပ် သန်း ၆၀၀၀ အောက် လုပ်ငန်းတွေကို ခွင့်ပြုထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှူပ်နှံမှု ကော်မတီဖွဲ့ပြီး နောက်ပိုင်းမှာ အတည်ပြုမိန့် ၆ ခုပေးထားပြီး အဲဒီထဲမှာ နိုင်ငံသားက ၅ ခု၊ ဖက်စပ်က ၁ ခု၊ နိုင်ငံသားက မြန်မာငွေ ၂၈၆၀ သန်း၊ နိုင်ငံခြားသားက အမေရိကန်ဒေါ်လာ ၁.၃ သန်း ရင်းနှီးမြှုပ်နှံခွင့်ပြုထားပြီးပြီလို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီ ၆ ခုမှာ စက်မှုကဏ္ဍမှာ ၅ ခု၊ ဝန်ဆောင်မှုကဏ္ဍမှာ ၁ ခုပေါ့။ တိုင်းဒေသကြီးအနေနဲ့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုက နည်းနေသေးပေမယ့် ရင်းနှီးမြှုပ်နှံဖို့ တင်ထားတာတွေ၊ လေ့လာနေတာတွေကလည်း အများကြီးရှိသေးတယ်။ တိုးလာဖို့ပဲရှိပါတယ်။ အခုဆို အရင်ကမရှိတဲ့ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍတွေမှာပါ ရင်းနှီးမြှုပ်နှံနိုင်ဖို့ တင်ထားတာတွေလည်း ရှိနေပါတယ်။ ကျနော်တို့ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုအဆင်ပြေအောင် မြေနေရာ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစတာတွေကိုလည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေပါတယ်။”

စစ်ကိုင်းတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံကလည်း ဆေးဝါးထုတ်လုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်၊ ကုန်စည်ပို့ဆောင်ရေး စတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ လာရောက် ညှိနှိုင်းတာနေပေမယ့် ဒီနေ့အချိန်ထိတော့ သဘောတူညီမှု မရှိသေးဘူးလို့ သိရပါတယ်။

လတ်တလောမှာလည်း ဝါးနဲ့ပတ်သက်တဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို ခွင့်ပြုပေးထားသလို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း၇၀၀ ရင်းနှီးမြှုပ်နှံမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ညှိနှိုင်းနေပြီး အဲဒီလုပ်ငန်းတွေသာ အကောင်အထည်ပေါ်မယ်ဆိုရင် ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ လျှပ်စစ်မီး သုံးစွဲနိုင်တော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်စွမ်းအင်ကဏ္ဍအနေနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေလည်းရှိနေပြီး ဆိုလာစနစ်ကတော့ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပေမယ့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်တဲ့အတွက် ကမ်းလှမ်းတာတွေရှိပေမယ့် လက်ခံထားတာ မရှိသေးဘူးလို့ဆိုပါတယ်။

အခုနှစ် အစောပိုင်းကလည်း အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နဲ့ ဇလုံတောင်တို့မှာ ကေဘယ်ကားတွေတပ်ဆင်ဖို့ လာရောက်ညှိနှိုင်းတာတွေရှိခဲ့ပြီး နောက်ထပ်ဆက်သွယ်တာတော့ မရှိသေးဘူးလို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဟာ မြေပေါ်မြေအောက်သယံဇာတတွေပေါကြွယ်ဝတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဖိတ်ခေါ် နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013