
သာစည်မြို့နယ် ဟင်းခွက်အိုင်ရွာ ဇွန်လ ၂၁ရက်တွင် ဆယ်တန်း အောင်ဂုဏ်ပြုပွဲ အတွက် မဏ္ဍပ်ဆင်ပေးသူ ဝါယာကြိုးအဆက်နေရာ ကိုင်မိ၍ ဓာတ်လိုက်သေဆုံးသွားတယ် လို့ ညောင်ရမ်းရွာရဲစခန်းက ပြောပါတယ်။
ဟင်းခွက်အိုင်ရွာနေ ဦးအောင်ဝင်းက သမီးဖြစ်သူ ၂၀၁၇-၁၈ စာသင်နှစ်မှာ ဆယ်တန်းစာမေးပွဲကို ၄ ဘာသာဂုဏ်ထူးနဲ့အောင်တာကြောင့် ဂုဏ်ပြုပွဲလုပ်ပေးတာပါ။
အဲဂုဏ်ပြုပွဲအတွက် သံမဏ္ဍပ်နဖူးစည်း အလှဆင်တွေကို အသက် ၁၆ နှစ်အရွယ် ဖိုးသားက ကြိုးနဲ့ လိုက်ချည်နေရာ သံတိုင်နဲ့ကပ်နေတဲ့ ဝါယာကို လက်နဲ့ဆုပ်ကိုင် ဖယ်ရှားရာက အဆက်ကို ကိုင်မိပြီး ဓာတ်လိုက်လို့ အမြင့် ၁၀ ပေလောက်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
ဒီလိုပြုတ်ကျခဲ့လို့ ပျော်ဘွယ်ဆေးရုံမှာ ပို့ဆောင်ကုသစဉ် သေဆုံးသွားတာလို့ ညောင်ရမ်း ရွာရဲစခန်းစခန်းမှူး ရဲအုပ်ဇာလင်းက ပြောပါတယ်။
"မနေ့ကဖြစ်ခဲ့တာပါ။ ပျော်ဘွယ်ဆေးရုံမှာ ဆေးကုနေရင်းနဲ့ သေဆုံးသွားလို့ ဒီနေ့ပဲ သေမှုသေခင်း လာဖွင့်တယ်၊ ပြင်ပဒဏ်ရာမတွေ့ရပါဘူး။ ညာဘက်လက်မှာ ဓာတ်ကြိုးကိုင်မိလို့ ဓာတ်လိုက်ပြီး ညိုမည်းနေတာပဲ တွေ့ရတယ်" လို့ ပြောပါတယ်။
သာစည်မြို့နယ် ညောင်ရမ်းရွာရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











