DVB Logo
Home
မြန်မာသတင်း
မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်၍ မြေသိမ်းယူမှု ဥပဒေနှင့် ညီ မညီ မေးခွန်းထုတ်
DVB
·
June 22, 2018
မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်၍ မြေသိမ်းယူမှု ဥပဒေနှင့် ညီ မညီ မေးခွန်းထုတ်
Donate to DVB

ရန်ကုန်တိုင်းအစိုးရအနေနဲ့ စီမံကိန်းတွေ ပြုလုပ်ဖို့ မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်ပြီး တောင်သူတွေဆီက မြေသိမ်းယူတာဟာ ဥပဒေနဲ့ ညီမညီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ မေးခွန်းထုတ်လိုက်ပါတယ်။

ဇွန် ၂၁ ရက် ရန်ကုန်တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဆိပ်ကြီးခနောင်တိုမြို့နယ် အမတ် ဒေါ်စန္ဒာမင်းက “စီမံကိန်းပြုလုပ်ဖို့အတွက် မြေစွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်ပြီး တောင်သူတွေဆီက တိုင်းအစိုးရက မြေသိမ်းယူခြင်းမျိုးကို လွှတ်တော်က လက်မခံကြောင်းနဲ့ မြေသိမ်းယူခြင်းကို မိမိပိုင်မြေ စွန့်လွှတ်လှူဒါန်းပါကြောင်း လက်မှတ်ရေးထိုးခိုင်းတာဟာ ဥပဒေနဲ့ ညီ မညီ သိရှိလိုတယ်” လို့ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကတော့ စီမံကိန်းအတွက် မြေတွေကို မူလပိုင်ရှင် တောင်သူတွေက သူတို့သဘောဆန္ဒအရ ဝန်ခံကတိပြု လက်မှတ်တွေ ရေးထိုးခဲ့ကြတာလို့ လွှတ်တော်မှာ ဖြေကြားသွားပါတယ်။

လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၀၀/ခ)၊ ကုန်းရွာကွင်းရှိ လယ်မြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧကကို ဒေသခံတွေ အကျိုးရှိစေမယ့် စီမံကိန်းအဖြစ် Dry Port စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်စီစဉ် ဆောင်ရွက်နေတာပါ။

အဆိုပါ Dry Port စီမံကိန်း ဆောင်ရွက်မယ့် ဧရိယာအတွင်း ဥယျာဉ်မြေအဖြစ် ပုံစံ (၇) လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ရရှိပြီးသူ တောင်သူ (၅) ဦးရဲ့ မြေဧရိယာ (၂၀၁ ဒသမ ၀၀) ဧကနဲ့ ပုံစံ (၇) မရရှိသေးတဲ့ တောင်သူ (၆) ဦးရဲ့ လယ်မြေဧရိယာ (၄၂ ဒသမ ၆၂) ဧက၊ စုစုပေါင်း တောင်သူ (၁၁) ဦး၊ မြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧက ပါဝင်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“Dry Port စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် အဆိုပါမြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧကအတွင်း ပါဝင်တဲ့ တောင်သူ (၁၁) ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တောင်သူတွေအနေဖြင့် ၎င်းတို့ပိုင်ဆိုင်ထားတဲ့ မြေတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ရာမှာ မြို့ပြအဖြစ် ရရှိမည်ဖြစ်လို့ ၎င်းတို့အတွက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း သဘောပေါက်နားလည်ပြီး မြေဧရိယာ (၂၄၃ ဒသမ ၆၂) ဧကမှာ လယ်မြေအား အခြားနည်းအသုံးပြုခွင့်ရရှိဖို့ ဆောင်ရွက်ပေးပြီး စီမံကိန်းမြေအဖြစ် အသုံးပြုဖို့ (၈၀ ရာခိုင်နှုန်း) ကိုလည်းကောင်း၊ လက်ရှိပိုင်ဆိုင်သူတွေက လယ်မြေအား အခြားနည်းအသုံးပြုခွင့်ရပြီး မြို့မြေအဖြစ် ၂၀ ရာခိုင်နှုန်း ပြန်လည်ရယူဖို့ သဘောတူညီမှု ရရှိခဲ့လို့ မူလပိုင်ရှင် တောင်သူတွေက ၎င်းတို့ရဲ့ သဘောဆန္ဒနဲ့ ဝန်ခံကတိပြု လက်မှတ်တွေ ရေးထိုးခဲ့ကြခြင်းဖြစ်တယ်” လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။

မြန်မာပြည်တွင်း ကုန်းတွင်းဆိပ်ကမ်း (Dry Port) စီမံကိန်းကို ၂၀၁၂ ခုနှစ်အတွင်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာ ကုန်သွယ်မှု အဓိကကျတဲ့ နေရာ ၈ နေရာကို ရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။

Dry Port စီမံကိန်း တည်ဆောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးမှာ အုပ်စု A အဖြစ် Resources Group Logistics ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်ပြီး အုပ်စု B အနေနဲ့ Kerry Logistics ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး ကုမ္ပဏီနှစ်ခုပေါင်း  အမေရိကန်ဒေါ်လာ ၈၁ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013