DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း သဘာဝဘေးအတွက် ၃ လအတွင်း ကျပ်သိန်း ၁၄၀၀ ကျော် ကူညီ
DVB
·
June 21, 2018
စစ်ကိုင်းတိုင်း သဘာဝဘေးအတွက် ၃ လအတွင်း ကျပ်သိန်း ၁၄၀၀ ကျော် ကူညီ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈ ဧပြီ၊ မေ၊ ဇွန်လတွေအတွင်း လေပြင်းတိုက်၊ မိုးသီးကြွေ၊ မိုးကြီး၊ ကမ်းပါးပြို၊ မြေပြိုတာ၊ မီးလောင် စတဲ့သဘာဝဘေးကြောင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ငွေကျပ်သိန်း ၁၄၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ ၃ လတာကာလအတွင်း လေဘေး ၁၀၆ ကြိမ်၊ မီးဘေး ၁၆ ကြိမ်၊ မိုးကြိုးဘေး ၄ ကြိမ်၊ ကမ်းပြိုဘေး ၃ ကြိမ်နဲ့ ရေဘေး ၁၂ ကြိမ် စုစုပေါင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှု ၁၄၂ ကြိမ်ထိဖြစ်ပေါ်ခဲ့ပြီး ကူညီထောက်ပံ့ပေးခဲ့ရပါတယ်။

လစဉ်စာရင်းတွေအရ ဧပြီလမှာ သဘာဝဘေးကြုံတွေ့ရမှု ၄၅ ကြိမ်၊ ထောက်ပံ့ငွေ ကျပ်သိန်း ၆၃၀ ကျော်၊ မေလမှာ သဘာဝဘေးကြုံတွေ့ရမှု ၈၅ ကြိမ်၊ ထောက်ပံ့ငွေ ကျပ်သိန်း ၈၂၆ သိန်းကျော်နဲ့ ဇွန်လမှာ သဘာဝဘေးကြုံတွေ့ရမှု ၁၂ ကြိမ်ရှိခဲ့ပြီး ထောက်ပံ့ငွေ ကျပ် ၁၅ သိန်းရှိခဲ့ကာ စုစုပေါင်း သဘာဝဘေး ၁၄၂ ကြိမ်မှာ ထောက်ပံ့ငွေကျပ်သိန်း ၁၄၇၃ သိန်းကျော်ကို ကူညီထောက်ပံ့ခဲ့ရတာဖြစ်ပါတယ်။

၃ လအတွင်း မေလက မိုးရော၊ လေရော ကြုံတွေ့ရတာကြောင့် ဘေးအန္တရာယ်ကြုံတွေ့ရတဲ့ အကြိမ်ရေများပြီး ကူညီထောက်ပံ့ရမှုလည်း များပြားခဲ့ပါတယ်။

ဒါ့အပြင် ၃ လတာ ကာလအတွင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်လုံးဝပျက်စီး၊ ပြောင်းရွှေ့ရတဲ့အိမ် ၂၆၄ လုံးရှိခဲ့ကာ သေဆုံးသူ ၁၁ ဦးရှိခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “ကျနော်တို့ဌာနကနေ ကူညီထောက်ပံ့ပေးတာတော့ သဘာဝဘေးဒဏ် အမျိုးအစား ၈ မျိုးရှိတယ်။ ဒီနှစ်က အရင်နှစ်ကနဲ့စာရင် မိုးဦး၊ လေဦးကျတာစောတယ်။ ပြီးခဲ့တဲ့ နှစ်ကဆို သင်္ကြန်ပြီးမှဖြစ်တယ်။ အခုက သင်္ကြန်မတိုင်ခင်ကတည်းကဖြစ်လို့ ကူညီတာတွေ လုပ်ခဲ့ရတယ်။ ဖြစ်တာစောတာတော့ သတိထားမိတယ်။ အကြိမ်ရေကတော့ သိပ်ပြီး မကွာခြားဘူး။ ဘေးအန္တရာယ်က ပုံမှန်လိုဖြစ်သွားပြီ။ ဘယ်ချိန် ဘာဖြစ်မယ်ဆိုတာမျိုးပေါ့။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကျနော်တို့အနေနဲ့ ဟောပြောပွဲတွေ၊ သင်တန်းတွေ လုပ်ပေမယ့် သိပ်ပြီးမလွှမ်းခြုံနိုင်ဘူးဖြစ်နေတယ်။ ပြည်သူတွေကလည်း သူတို့ စားဝတ်နေရေး ဘာညာနဲ့ဆိုတော့ အဲဒီဘက်ကို အာရုံမစိုက်နိုင်ကြဘူး။ ဘေးဖြစ်လာမှ ဖြစ်ရော အနေအထား ဖြစ်နေတာပေါ့။ အစိုးရက ကူညီထောက်ပံ့တယ်ဆိုပေမယ့် ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့လည်း လေ့လာမှတ်သားကြဖို့လိုပါတယ်။ ဖြစ်လိုက် ကူညီထောက်ပံ့ လိုက်နဲ့ဆိုတော့ တိုင်းပြည်တိုးတက်သင့်သလောက် မတိုးတက်ဘူးပေါ့။”လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုနှစ် ၃ လတာကာလအတွင်း သဘာဝဘေးဒဏ်ကို စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံး ခံစားရတာက ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

သဘာဝဘေးဒဏ်ကြောင့် လူနေအိမ်တွေတင်မက လယ်ယာဥယျာဉ်ခြံစိုက်ပျိုးရေးတွေ လည်း များစွာပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ကြရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013