
အာဆာအကြမ်းဖက်အဖွဲ့ကို မကြာခဏ ဝေဖန် ပြောဆိုတဲ့ ရိုဟင်ဂျာခေါင်းဆောင် တဦး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ အသတ်ခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ဇွန်လ ၁၉ ရက်နေ့က ပြောပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ နိုင်ငံခြားသား ဧည့်သည်တွေ လာရောက်တဲ့အချိန်တိုင်းမှာ အာဆာအဖွဲ့ကို ဝေဖန်ပြောဆိုတာတွေ လုပ်လေ့ ရှိသူတဦးဖြစ်ကာ သူသေဆုံးတဲ့ သတင်းကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ကော့ဘဇားခရိုင်၊ ဘာလူခါလီ-၂ စခန်းက ခေါင်းဆောင်တဦးဖြစ်တဲ့ အာရီဖူလာဟာ ဇွန် ၁၈ ရက်က အသတ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ရဲတွေက လူသတ်တရားခံကို ရှာဖွေစုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ အူခီယာခရိုင်ရဲဌာနခွဲမှ ရဲအရာရှိ မိုဟာမက်ဒ် အဘူလ် ခေးရာက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ လာမယ့် ဇူလိုင် ၁ ရက်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတို့ အဆိုပါ ဒုက္ခသည်စခန်းကို လာရောက်ကြမယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေချိန်မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အာရီဖူလာဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဆာအကြမ်းဖက်အဖွဲ့က ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ကိစ္စတွေအပေါ် ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့သူ ဖြစ်ပါတယ်။
သူအသတ်ခံရတဲ့နေ့ မတိုင်ခင်တရက်ကတော့ အဲဒီဒေသတွင်း အဖွဲ့ နှစ်ဖွဲ့ပဋိပက္ခ တိုက်ခိုက်မှုတခုဖြစ်ခဲ့ပြီး အနည်းဆုံး ဒုက္ခသည် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိသွားကာ နှစ် ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကော့ဘဇားခရိုင်ခွဲ တခုဖြစ်တဲ့ တက်ခ်နတ်ဖ်ရဲစခန်း ရဲအရာရှိ မိုဟာမက်ဒ် အတိကူဂ်ျလာက ပြောပါတယ်။











