DVB Logo
Home
Lead Story
သစ်မှောင်ခိုလျော့ချရေးနှင့် ဒေသတွင်း သစ်လိုအပ်ချက်ပြဿနာ အစိုးရ ဘယ်လိုဖြေရှင်းသင့်လဲ
DVB
·
June 21, 2018
သစ်မှောင်ခိုလျော့ချရေးနှင့် ဒေသတွင်း သစ်လိုအပ်ချက်ပြဿနာ အစိုးရ ဘယ်လိုဖြေရှင်းသင့်လဲ
Donate to DVB

“မှောင်ခိုဆိုတဲ့စကားထက် ပိုပြည့်စုံအောင်ပြောရရင် ခိုးတာပဲ။ ကျနော်တို့ ခိုးမစားချင်ပါဘူး။ ဒါပေမယ့် အခြေအနေက မခိုးရင် အဆင်မပြေဘူးလေ” လို့ သစ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ယနေ့ သစ်လုပ်ငန်း အသေးစား၊ အလတ်စားတွေမှာ သစ်လုပ်ငန်းရှင်ငယ်တွေဟာ မှောင်ခိုတပိုင်းနဲ့ ဘဝကို ဖြတ်သန်းနေရတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးမှာ သစ်လုပ်ငန်းရှင်ငယ်တွေရဲ့ ဘဝတွေထဲကို ဝင်လေ့လာဖို့ဆိုတာလည်း အထူးလိုအပ်နေတဲ့ အချက်ပါပဲ။

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝလွန်းသော နိုင်ငံတခုဖြစ်ခဲ့ပြီး အာရှမှာ ထိပ်တန်းအဆင့်ရှိတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ သယံဇာတဆိုတဲ့အထဲမှာ လက်ရှိ သဘာဝပတ်ဝန်းကျင်နဲ့ လူအကျိုးပြု သစ်တောသယံဇာတ ဆိုတာကလည်း လက်ရှိ မြန်မာနိုင်ငံမှာ ၄၁ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

တဖက်မှာ အစိုးရ သစ်တောဌာနကလည်း သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းခြင်း၊ သစ်တောမွေးမြူခြင်း၊ အစုအဖွဲ့ပိုင် သစ်တောတွေ ထူထောင်ပေးခြင်း ဆိုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ယနေ့ မီဒီယာတွေမှာ မြင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း သစ်မှောင်ခို ဖမ်းဆီးမှုတွေကလည်း မီဒီယာစာမျက်နှာတွေပေါ်မှာ အများအပြား တွေ့နေရဆဲ ဖြစ်ပါတယ်။

“အရင်က အိမ်ဆောက်ဖို့ အစိုးရ သစ်အရောင်းဆိုင်ကို သွားလိုက်ရုံပဲ။ ခုတော့ သစ်စက်တွေကဝယ်တဲ့ သစ်တောင် အိမ်ကိုသယ်ဖို့ စာရွက်စာတမ်းနဲ့ ဖြစ်လာတယ်။ ဈေးကလည်း ကြီးလိုက်တာ လွန်တယ်။ ကိုယ့်ဒေသကထွက်တဲ့ သစ်တောင် ကိုယ်က ဈေးကြီးပေးဝယ်နေရတယ်ဆိုတော့ ဒါက ရေရှည်မှာ ပြဿနာတခု ဖြစ်နိုင်တာပေါ့။ အခုလည်း ဖြစ်နေတာပါပဲ” လို့ ကလေးမြို့သားတဦးက ဆိုပါတယ်။

“သစ်မှောင်ခိုလုပ်ငန်းတွေ လျော့ကျဖို့က အဓိကတော့ အစိုးရဘက်က ပြည်သူသုံးမယ့်သစ်ကို လုံလုံလောက်လောက် ရောင်းမပေးတာကြောင့် ဖြစ်တယ်” လို့ သူရိယစန္ဒာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကိုကျော်မင်းထွဋ်ကလည်း ပြောပါတယ်။

ယခင် ၂၀၁၃/၁၄ ခုနှစ်တွေက မြန်မာနိုင်ငံမှာ အစိုးရ သစ်အရောင်းဆိုင်တွေဆီက သစ်တွေကို အလွယ်တကူဝယ်ယူလို့ ရခဲ့ပေမယ့် အခုနောက်ပိုင်းမှာ နိုင်ငံတော်အစိုးရ သစ်အရောင်းဆိုင်တွေ ပိတ်လိုက်တာကြောင့် ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး တရားမဝင် သစ်လုပ်ငန်းတွေကလည်း တစတစ များပြားလာတာ တွေ့ရပါတယ်။

“ဒေသသုံးဈေးနှုန်းနဲ့ သင့်တင့်တဲ့ဈေးနဲ့ ပြည်သူတွေသုံးနိုင်ဖို့ အစိုးရကလည်း သစ်ကုန်ကြမ်းကို တရားဝင် ရောင်းပေးစေချင်တယ်။ ရောင်းချတဲ့အခါမှာလည်း သစ်လုပ်ငန်းလိုင်စင်ရှိတဲ့ လုပ်ငန်းရှင်လေးတွေကို ရောင်းပေးစေချင်တယ်။ ဒီလို ရောင်းခွင့်ရလာရင် အစိုးရဆီက တရားဝင် သင့်တင့်တဲ့ဈေးနဲ့ဝယ်ပြီး ကျနော်တို့ကလည်း လိုအပ်တဲ့ ဒေသတွင်း နေထိုင်သူတွေဆီ ခွဲစိတ်ပြီး ဈေးသင့်တင့်နဲ့ ပြန်ရောင်းရရင်တော့ မှောင်ခိုဆိုတာ ကျဆင်းလာမယ်။ ဒေသတွင်းမှာလည်း ဈေးချိုလာမယ်။ အသေးစား အလတ်စား လုပ်ငန်းရှင်တွေဘက်ကလည်း အလုပ်အကိုင် အဆင်ပြေလာမယ်။ နောက်ပြီး လုပ်ငန်းက နိုင်ငံတော်အခွန်နဲ့ လုပ်တာဆိုတော့ တိုင်းပြည်အခွန်ငွေလည်း ရလာမယ်” လို့ ကလေးမြို့ သစ်လုပ်ငန်းရှင်အသင်း တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

ယခင်က မြန်မာ့သစ်ထုတ်လုပ်ရေးကနေ ရန်ကုန်မှာ သစ်ကုန်ကြမ်းကို လေလံစနစ်ဖြင့် ဆောင်ရွက်ပြီး လေလံဆွဲရာမှာတော့ နယ်လုပ်ငန်းရှင် အသေးစား အလတ်စားတွေအတွက် တနိုင်ငံလုံးအဆင့်နဲ့ အားပြိုင်ရတာကြောင့် သစ်ဈေးတွေဟာ မြင့်မားလာတဲ့အပြင် သစ်လေလံပေးရာမှာ ကုန်ကြမ်းသစ်လုံးတွေဟာ ဆွေးမြည့်မှု များပြားတာကြောင့် အမြတ်ပေါ်ဖို့ အစားထိုး မှောင်ခိုသစ်လုံးတွေနဲ့ အယောင်ပြ လုပ်ကိုင်နေကြပါတယ်။

“ဒေသလုပ်ငန်းတွေအတွက် သုံးဖို့ရာ မြန်မာ့သစ်လုပ်ငန်းက ရန်ကုန်မှာ လေလံမပစ်ဘဲနဲ့ ကိုယ့်ဒေသတွေက လုပ်ငန်းရှင်တွေကို ချပေးဖို့၊ ရောင်းပေးဖို့လိုတယ်။ နောက် ဒုတိယအချက်က လေလံသစ်ဆိုရင် ဆွေးမြည့်နေမှ သုံးနှစ်လောက်နေမှ ပစ်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေအတွက်လည်း အကျိုးမရှိဘူး။ နိုင်ငံတော်အတွက်လည်း အကျိုးမရှိဘူး။ အမှုပြတ်တာနဲ့ ပုံစံ (၈) ဆိုရင် အမြန်ဆုံး လေလံပစ်ပေးဖို့ လိုအပ်တယ်” လို့ သစ်လုပ်ငန်းရှင်တဦးကလည်း ဆိုပါတယ်။

“အရင်က သစ်အဆွေးကို ရောင်းတယ်။ စာရွက်ပဲရတယ်။ အဲ့ဒီခေတ်ကို မလိုချင်တော့ဘူး” လို့လည်း သစ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ယနေ့မှာတော့ သစ်လေလံ ချပေးမှုတွေမှာလည်း အစိုးရ သစ်တောဦးစီးဌာနအနေနဲ့ ယခင်ကလို မဟုတ်တော့ဘဲ အမြန်ဆုံး လေလံချပေးနေတာကြောင့် ကုန်ကြမ်းတွေ ကောင်းမွန်လာပေမယ့် လေလံရှိနေသမျှ ကာလမှာတော့ သစ်မှောင်ခိုလုပ်ငန်းတွေဟာ ရှင်သန်နေဦးမှာပဲ ဖြစ်ပါတယ်။

သစ်လုပ်ငန်းရှင်တွေအနေနဲ့ တရားဝင် အခွန်ဆောင် လုပ်ကိုင်ချင်နေသော်လည်း လုပ်ပိုင်ခွင့်လိုင်စင်သာရှိပြီး ကုန်ကြမ်းမရတာကြောင့် မှောင်ခိုသံသရာမှာ မျောပါနေကြပါတယ်။

“ကျနော်တို့က သစ်လုပ်ငန်းလုပ်တာ တရားဝင်လိုင်စင်နဲ့ လုပ်တယ်။ နိုင်ငံတော်ကို အခွန်သွင်းတယ်။ ဒါပေမယ့် သစ်လုပ်ငန်းလိုင်စင်သာ ရှိတယ်။ ကုန်ကြမ်းက အစိုးရက တိုက်ရိုက်ရောင်းမပေးတော့ အရှုံးပေါ်တယ်။ အလုပ်သမားတွေလည်း မိသားစုတွေ ရှိတယ်။ သူတို့ စားဝတ်နေရေးလည်း ခက်ခဲကုန်တယ်။ ဒီတော့ မလုပ်ချင်ပေမယ့်လည်း မဖြစ်မနေ လုပ်ရတာလည်း ရှိတာပေါ့” လို့ သစ်လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

လက်ရှိ သစ်လုပ်ငန်းရှင်တွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ လက်ရှိ သစ်မှောင်ခိုမှုတွေနဲ့ အဓိက ဆက်စပ်နေပြီး နိုင်ငံတော်အစိုးရ အနေနဲ့လည်း သစ်နဲ့ပတ်သက်တဲ့ မူဝါဒတွေအပေါ် အကောင်းဆုံး အဖြေရှာ စဉ်းစားပေးဖို့လည်း အထူးလိုအပ်နေတာကို တွေ့ရပါတယ်။ ၂၀၁၅ နောက်ပိုင်း အစိုးရအနေနဲ့ ပြည်ပကို သစ်လုံးတင်ပို့မှု ပိတ်သိမ်းခဲ့ပေမယ့် ယနေ့အထိတော့ မှောင်ခိုလမ်းတွေကနေ သစ်လုံးတွေက ပြည်ပကို ထွက်နေဆဲဆိုတာ တွေ့နေရပါတယ်။

“အဓိကအကျဆုံးကတော့ သစ်လုပ်ငန်းမှာ လေလံဆိုတဲ့စနစ်ကို ဖျက်သိမ်းပစ်ရင် အကောင်းဆုံးပဲလို့ ထင်တယ်။ လေလံဆိုတာ ပြိုင်ဆိုင်မှုဖြစ်တယ်။ အဲ့ဒီပြိုင်ဆိုင်ရတဲ့ အရာက အများသုံးပစ္စည်းဖြစ်တယ်။ တဖက်ကလည်း လေလံဆိုတော့ နိုင်ငံ့ဘဏ္ဍာအတွက်တော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူတွေအတွက်တော့ အဆင်မပြေမှု များစွာဆီကို အဲ့ဒီစနစ်က တွန်းပို့နေသလိုပဲ” လို့လည်း သစ်လုပ်ငန်းရှင်အများစုက ဆိုနေကြပါတယ်။

သစ်လုပ်ငန်းတွေအပြင် ပြည်တွင်းလုပ်ငန်းရှင်ငယ်တွေ အနေနဲ့လည်း အစိုးရအနေနဲ့ အချောထည်ထုတ်နိုင်သည်အထိ အကောင်အထည်ဖော်ပေးမယ်ဆိုလျှင် အဆင်သင့်ဖြစ်နေတဲ့ အနေအထားကို တွေ့ရပါတယ်။

အထက်မှာ ပြောခဲ့သလို အဆင်မပြေမှုတွေရဲ့ ရလဒ်တွေမှာ အကျင့်ပျက်ခြစားမှု ပြဿနာ။ ရာဇဝတ်မှု ပြဿနာတွေကလည်း ပါဝင်နေတယ် ဆိုတာကတော့ သိသာထင်ရှားနေပါတယ်။ အဲ့ဒီအတွက် အစိုးရအနေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေဘဝ အဆင်ပြေဖို့ သစ်မှောင်ခိုလျော့ချဖို့အတွက် အရေးတကြီး ပြဿနာတရပ်အဖြစ် ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်နေပြီဖြစ်တယ်လို့ ဒီဆောင်းပါးနဲ့ မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013