DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လုံးဝမရှိသည့်ကျောင်းများ ပိုများလာ
DVB
·
June 21, 2018
တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လုံးဝမရှိသည့်ကျောင်းများ ပိုများလာ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ဒီနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လုံးဝမရှိတဲ့ကျောင်းတွေ ပိုများလာခဲ့ပြီး မနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လေးပုံတပုံ ပိုများလာခဲ့တယ်လို့ အခြေခံပညာ ဦးစီးဌာနဆီက စုံစမ်းသိရပါတယ်။

"မနှစ်က ဇီးရိုး အောင်ချက် (အောင်မြင်သူလုံးဝမရှိတဲ့) ကျောင်းပေါင်း ၁၃၇ ကျောင်းရှိပြီး ဒီနှစ်မှာတော့ ၁၇၁ ကျောင်းရှိတယ်၊ ဒီထဲမှာ အထက်တန်းကျောင်း ၄၂ ကျောင်း၊ အ.ထ.က ခွဲကျောင်း ၁၁၉ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၀ ကျောင်း ပါဝင်တယ်" လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတဦးက ဒီဗွီဘီကို ပြောပါတယ်။

အောင်မြင်သူလုံးဝမရှိတဲ့ ကျောင်းအများဆုံးကတော့ ချင်းပြည်နယ်ကဖြစ်ပြီး ၂၇ ကျောင်း ရှိတယ်လို့လည်း ပြောပါတယ်။

“ဒုတိအများဆုံးက ရခိုင်ပြည်နယ်က ၂၅ ကျောင်း၊ ပြီးတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၉ ကျောင်း၊ စစ်ကိုင်းတိုင်းက ၁၈ ကျောင်း၊ မကွေးတိုင်းက ၁၆ ကျောင်းပါ။”

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက “အားလုံး ၂၅ ကျောင်းပါ။ အ.ထ.ကခွဲကျောင်းတွေ များပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ အ.ထ.ကခွဲအဖြစ် ချပေးလိုက်တဲ့ ကျောင်းတွေပါ။ မောင်တောခရိုင်ထဲက ၁၁ ကျောင်း ပါပါတယ်” လို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်စုံစမ်းခဲ့သမျှ ပညာရေးဌာန တာဝန်ရှိသူတွေကတော့ အထက်တန်း ကျောင်းခွဲတွေအဖြစ် သတ်မှတ်ပေးလိုက်ပေမယ့် ဆရာ၊ ဆရာမတွေ လုံလုံလောက်လောက် မရှိတာက အဓိကဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဘတ်ဂျက် လုံလုံလောက်လောက် မချပေးနိုင်တာ၊ ကျောင်းအသစ်တွေဖြစ်လို့ ဆရာတွေရဲ့ အတွေ့အကြုံ နည်းတာတွေကြောင့် အခုလို အောင်မြင်သူမရှိတာလို့ ပြောပါတယ်။

မကွေးတိုင်း ပညာရေးမှူး ဦးအောင်မြင့်က “သုညရာနှုန်း အောင်ချက် ကျောင်းက ၁၆ ကျောင်း ရှိပါတယ်။ မနှစ်ကတော့ ၁၀ ကျောင်း ရှိပါတယ်။ ဒီနှစ်မှာတော့ အောင်ချက် ပြန်တက်လာဖို့ ဆရာ၊ ဆရာမတွေ ပြည့်စုံစွာ ရောက်ရှိရေးကို ဆောင်ရွက်သွားပါမယ်” လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာလည်း အောင်မြင်သူ လုံးဝမရှိတဲ့ကျောင်း အရှေ့ခြမ်းမှာ ၃ ကျောင်း၊ အနောက်ခြမ်းမှာ ၃ ကျောင်းရှိပြီး မနှစ်ကတော့ တတိုင်းလုံးမှာ ၅ ကျောင်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013