DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး သိမ်မွေ့နက်နဲ ရှုပ်ထွေးဟု ကုလအထူးကိုယ်စားလှယ် ပြော
DVB
·
June 21, 2018
ရခိုင်ပြည်နယ်အရေး သိမ်မွေ့နက်နဲ ရှုပ်ထွေးဟု ကုလအထူးကိုယ်စားလှယ် ပြော
Donate to DVB

ရခိုင်ပြည်နယ် အရေးကိစ္စရဲ့ သိမ်မွေ့နက်နဲ ရှုပ်ထွေးမှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာ ဘာဂီနာက အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့လာခဲ့ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဇွန် ၂၀ ရက်က ထပ်မံတွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသော အသိုက်အဝန်းတွေနဲ့ တွေ့ဆုံရာမှ ယေဘုယျ လေ့လာတွေ့ရှိချက်တွေကို ပြန်လည်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံနေရာချထားရေး အပါအဝင် မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်အရေး ကြိုးပမ်းဆောင်ရွက်နေမှုတွေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စရဲ့ သိမ်မွေ့နက်နဲ ရှုပ်ထွေးမှုတို့အပေါ် အသိအမှတ်ပြုခဲ့ပြီး အသိုက်အဝန်းတွေအကြား သဘောထားတွေ ကြီးမားစွာ ကွဲလွဲနေမှုကြောင့် ပြန်လည်သင့်မြတ်ရေး အပါအဝင် နေရပ်စွန့်ခွာသူတွေ ပြန်လာရေးအတွက် သင့်လျော်ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုအပ်နေမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ လုံခြုံရေး လိုအပ်နေမှုနဲ့ UNDP၊ UNHCR တို့နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ MoU ကို ဆောလျင်စွာ အကောင်အထည်ဖော်ရေးတို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အသိုက်အဝန်းတွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး အတွက် သည်းခံမှုနဲ့ အချိန်ယူ ကြိုးပမ်းရမှာဖြစ်တယ်၊ ကြိုးပမ်းဆောင်ရွက်ရာမှာ ကုလသမဂ္ဂရဲ့ ပံ့ပိုးကူညီမှုလည်း လိုအပ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“အသိုက်အဝန်းများအကြား မသင့်မြတ်မှုများမှာ ရှေးယခင်ကပင် တည်ရှိနေခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ယိုယွင်းလာခဲ့ကာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လွန်စွာဆိုးရွားသည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်း လွတ်လပ်စွာသွားလာနိုင်မှု မရှိခြင်းမှာ လုံခြုံရေးအခြေအနေအရ စိုးရိမ်သဖြင့် မသွားရဲကြခြင်းကြောင့်သာ ဖြစ်ကြောင်း၊ ယင်းအတွက် ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်ပမှ အမုန်းပွားစေသော သဘောထားအမြင်များက အသိုင်းအဝိုင်းနှစ်ခုအကြား ပိုမိုကွဲပြားမှုများ ဖြစ်စေလျက်ရှိကြောင်း၊ ထို့ကြောင့် ပြဿနာအား ရှေ့ဆက်လက်၍ မည်သို့ဖြေရှင်းမည်ကို အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောပါတယ်။

ဒီအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာ ဘာဂီနာက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ်ကို မသွားရောက်ခင် နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013