DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှိုစားပြီး အစာအဆိပ်သင့်၊ ၇ ဦးသေဆုံး
DVB
·
June 20, 2018
တရုတ်ပြည်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မှိုစားပြီး အစာအဆိပ်သင့်၊ ၇ ဦးသေဆုံး
Donate to DVB

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်းမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာ အလုပ်သမားတစုဟာ ပြီးခဲ့တဲ့အပတ်က မှိုစားသုံးပြီး အစာအဆိပ်သင့်လို့ မြန်မာပြည်ဘက်ခြမ်း မူဆယ်ဆေးရုံမှာ လာရောက်ကုသနေရာကကနေ မနေ့ညအထိ သေဆုံးသူ ၇ ဦးရှိသွားပြီ ဖြစ်ပါတယ်။

မူဆယ်မြို့နဲ့  မိုင် ၆၀ ကျော်အကွာ တယ်ဟုန်တိုင်း၊ ရင်ကျန်းမြို့နယ်ရှိ ငရုပ်ပင်စို က်ပျိုးရေးခြံလုပ်သား မြန်မာ ၁၃ ဦးနဲ့ တရုတ်လူမျိုး ၁ ဦး စုစုပေါင်း ၁၄ ဦးတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က တောထဲကရလာတဲ့ မှိုတမျိုးကို ချက်ပြုတ်စားသောက်အပြီး အစာအဆိပ်သင့်လို့ မူဆယ်ဆေးရုံကို ၈ ဦးရောက်လာတယ်လို့ လူနာတွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ ကရုဏာလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က အလုပ်နားတော့ တောင်ပေါ်တက်ပြီး တောင်ပေါ်ကတွေ့တဲ့မှိုကို ခူးလာတယ်။ ပြီးတော့ ချက်စားတာ ပန်းကန်တလုံးစာရတယ်တဲ့၊ တယောက်ကို  သုံးဇွန်းစီ စားကြတယ်။ စားလို့ ကောင်းတယ်လို့လည်း ပြောတယ်။ သူတို့ထဲက အလုပ်သမားခေါင်းဆောင်ကတော့ နှစ် ဖတ်ဘဲစားတယ်။ စားလဲပြီးရော ခေါင်းမူးတာ၊ အော့အံတာ၊ ၀မ်းလျှောတာတွေဖြစ်တယ်။ တချို့က ဆီးမသွားနိုင်ဘူး။ ဂယောင်ချောက်ခြားဖြစ်ပြီး အော်ဟစ်ညည်းညူကြတယ်။ အဲဒါနဲ့ အခြေအနေဆိုးတဲ့သူ ၈ ယောက်က မူဆယ်ဆေးရုံကိုရောက်လာတယ်။ တရုတ်ပြည်ဆေးရုံက အကုန်အကျများတော့ မတတ်နိုင်ကြဘူးလေ။ ဆေးရုံရောက်တဲ့နေ့မှာ တယောက် ဆုံးတယ်။ နောက်နေ့ကျတော့ နှစ်ယောက်၊ နောက်နေ့တွေကျတော့ နှစ်ယောက်၊ အဲလို ဆုံးပါးသွားကြတာ၊ မနေ့ည ၉ နာရီလောက်မှ တယောက်ထပ်ဆုံးပါတယ်။ စုစုပေါင်း ခုနှစ်ယောက်ဆုံးတယ်။  ဆရာဝန်တွေပြောသံကြားတာတော့ ကျောက်ကပ်ပျက်စီးတယ်။ အသည်း ပျက်စီးတယ်တဲ့၊ အလုပ်သမားခေါင်းဆောင်တယောက်ဘဲ အသက်ရှင်တယ်။”

မှိုအဆိပ်သင့်မြန်မာလုပ်သားတွေဟာ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၊  ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်စတဲ့ အရပ်ဒေသကဖြစ်ပြီး အသက် ၁၇ နှစ်နဲ့ ၃၀ နှစ်ကြား လူရွယ်တွေဖြစ်ကာ အမျိုးသမီး ၁ ဦး အမျိုးသား ၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကို မူဆယ် ကရုဏာလူမှုကူညီရေးအသင်းက သဂြိုလ်ပေးခဲ့ကာ ဆွေမျိုးတွေလည်း ၁၄ ဦးရောက်လာခဲ့ကြပြီး  အားလုံးဟာ ဆင်းရဲနွမ်းပါး သူတွေဖြစ်လို့ သဂြိုလ်စားရိတ်ရော ဆွေမျိုးတွေရဲ့ လမ်းစရိတ်၊ နေစရိတ်၊ စားစရိတ် အတွက်ပါ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ တရုတ်မြန်မာချစ်ကြည်ရေးအသင်း၊  မူဆယ်ရှိ လူမှုကူညီရေး အသင်းအဖွဲ့တွေက လာရောက်ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013