
တောင်ကိုရီးယားနိုင်ငံရဲ့ စီမံအုပ်ချုပ်မှု အစဉ်အဆက်မှာ သစ္စာခံတွေကို မျက်နှာသာပေးမှုဟာ လာဘ်စားမှုတွေ ဖြစ်ပေါ်ခြင်းရဲ့ နောက်ခံအကြောင်းတရား ဖြစ်တယ်။
အာရှတိုက်ရဲ့ စီးပွားရေးဖွံ့ဖြိုးပြီး ကျားလေးကောင် (Four Asian Tigers) ထဲမှာ ပါဝင်တဲ့ တောင်ကိုရီးယားမှာ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေ ထွက်ပေါ်လာလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အရှက်ရစရာ ဖြစ်လာနေတယ်။
၂၀၁၆ ခုနှစ် အစောပိုင်းမှာတင် ကိုရီးယားလေကြောင်းလိုင်း၊ ဟွန်ဒိုင်းကုမ္ပဏီနဲ့ ဆမ်ဆောင်း၊ ဟန်ဂျင်းကုမ္ပဏီနဲ့ လိုတေးကုမ္ပဏီတို့မှာ လာဘ်စားမှု ဇာတ်လမ်းတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်။ အခုနောက်ဆုံး သမ္မတ ပက်ဂွမ်ဟေး ကိုယ်တိုင်သည်ပင်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အဂတိလိုက်စားမှု ဖြစ်ပွားရခြင်း အကြောင်းတရားတွေကို နားလည်ဖို့ဟာ တခါတလေ ခက်ခဲတယ်။ ဘာကြောင့် ဒီလောက်များတဲ့ အဂတိလိုက်စားမှုတွေ ရုတ်တရက် ထွက်ပေါ်လာတာလဲ။ ဒါတွေအားလုံးကို ခြုံငုံနားလည်အောင် ရှင်းပြနိုင်တဲ့ အခြေခံအကြောင်းရင်း ရှိပါတယ်။ အဲဒါကတော့ သစ္စာခံမှုကို သဘောခွေ့တဲ့ တောင်ကိုရီးယား လူမျိုးတွေရဲ့ အကျင့်စရိုက်ပဲ ဖြစ်တယ်။ အဲဒီအကျင့်စရိုက် ယဉ်ကျေးမှုဟာ တောင်ကိုရီးယားတွေရဲ့ စီမံအုပ်ချုပ်မှု အဆောက်အအုံကို အောက်ခြေက လှိုက်စားနေခဲ့တာ။
အနောက်တိုင်းက လူတွေအတွက် အလုပ်နဲ့ မိသားစုဆက်နွှယ်မှုကို သီးခြားခွဲထားတာဟာ နားလည်ပြီးသားကိစ္စ ဖြစ်တယ်။ အမေရိကန်တွေနဲ့ ဥရောပတိုက်လူတွေဟာ သူငယ်ချင်း မိတ်ဆွေတယောက် အလုပ်ရဖို့ ကြားထဲက အာမခံချက်ပေးမှာ မဟုတ်ဘူး။ ဥပမာအားဖြင့် ရွေးချယ်ခံရတဲ့ မြို့တော်ဝန်တယောက်ဟာ သူ့ရုံးမှာ အရင်ရှိပြီးသား ဝန်ထမ်းတွေ၊ အရာရှိတွေကို သူ့ရဲ့ဆွေမျိုးတွေ ဘော်ဒါတွေနဲ့ ရုတ်တရက် အစားထိုးလိမ့်မှာ မဟုတ်ဘူး။ တောင်ကိုရီးယားမှာတော့ ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာထဲက ဖြစ်ပေါ်နေခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် သူ့ရဲ့ရာထူး သက်တမ်းအတွင်းမှာ ဝန်ထမ်းတော်တော်များများကို သူ့စိတ်ကြိုက် ရွေးချယ်ထားတဲ့ ကိုရီးယားလူမျိုးတွေနဲ့ အစားထိုးခဲ့လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတယ်။ သူခန့်လိုက်တဲ့ လူတွေထဲမှာ သူ့ရဲ့ သူဌေးဟောင်းတယောက်တောင် ပါခဲ့သေးတယ်။
အဂတိလိုက်စားမှု အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဟန်ဂျင်း၊ လိုတေးနဲ့ ကိုရီးယားလေကြောင်းလိုင်း ကုမ္ပဏီတွေဟာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပြီးတော့ အရေးကြီးတဲ့ ရာထူးနေရာ အားလုံးနီးပါးကို ဆွေမျိုးတွေ တမိသားစုတည်းကလာတဲ့ ကျောင်းနေဘက်တွေက နေရာယူထားကြတယ်။ ကိုရီးယားမှာတော့ ဒါဟာ လူတိုင်းသိနေတဲ့ လျှို့ဝှက်ချက်ဖြစ်ပေမယ့် ဘယ်သူမှတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အမေရိကကုမ္ပဏီတွေမှာ အဲဒီလိုသွားလုပ်လို့ မရဘူး။ ဘယ်ဆွေမျိုး ဘယ်သူငယ်ချင်းကိုမှ ကုမ္ပဏီထဲ ဆွဲခေါ်မလာဘူး။ ကိုရီးယားကုမ္ပဏီတခုကို သွားကြည့်လိုက်မယ်ဆိုရင် ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို နေရာတိုင်းမှာ ခင်ဗျား တွေ့ရမယ်။ ဒါဟာ ခြွင်းချက်တခု မဟုတ်ဘူး။ အစဉ်အလာ သတ်မှတ်ချက်တခုလို ဖြစ်နေတာ။ တခါ ထပ်ပြီးတော့ ကုမ္ပဏီရဲ့ ဒါရိုက်တာတွေက သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကျောင်းနေဘက်တွေကို သူတို့လက်အောက် မန်နေဂျာလို ရာထူးတွေမှာ နေရာပေးထားပြန်တယ်။ ဒီမန်နေဂျာတွေကပဲ သူငယ်ချင်းတွေ အသိအကျွမ်းတွေကို အလုပ်ထဲ ခေါ်လာတဲ့အခါကျတော့ ကုမ္ပဏီတခုလုံးဟာ အချင်းချင်း ထောက်ထားငဲ့ညှာ မသိကျိုးကျွံပြုရတဲ့ သစ္စာခံ အသိုင်းအဝိုင်းကြီးတခုလို ဖြစ်သွားတော့တယ်။
ကုမ္ပဏီတွေမှာ ဒီလိုတွေ ဖြစ်နေတယ်ဆိုတော့ အစိုးရအဖွဲ့ထဲမှာလည်း ဒီလိုပဲ ဖြစ်နေတာပါ။
ကိုရီးယားတွေက ဒီလို ဆက်နွှယ်ပတ်သက်မှုတွေကို “ကြိုး” တွေလို့ ခေါ်တယ်။ အမေရိကမှာတော့ “သူတပါးကို တွယ်ကပ်၍ တက်လမ်းရှာသူ” လို့ ခေါ်ကြတယ်။ နိုင်ငံခြားပညာရှင်တွေက အဲဒီ ကိုရီးယားသစ္စာခံ အသိုက်အဝန်းတွေကို အပိုင်စားရသူတွေ သို့မဟုတ် စီးပွားရေးလုပ်ငန်း မင်းဆက်တွေလို့ အမည်ပေးထားကြတယ်။ တကယ်တော့ ဒီအသိုက်အဝန်းတွေဟာ ပုံသွင်းထားတဲ့ အစဉ်အလာတခုလို အသားကျနေပြီ။
သစ္စာခံမှုဆိုတာလည်း လက်အောက်ခံတွေဆီကပဲ ရနိုင်တဲ့ အရာမျိုးပါ။ သူဌေးဖြစ်သူရဲ့ ဥပဒေချိုးဖောက်မှုတွေကို ဖုံးကွယ်ပေးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ လိုတေးကုမ္ပဏီ ဒုဥက္ကဋ္ဌဟာ အကောင်းဆုံးဥပမာတခု ဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ တောင်ကိုရီးယားမှာ သာမန်ကိစ္စရပ်တခုလို ဖြစ်နေပြီး သစ္စာခံတဲ့အတွက် ခင်ဗျားဟာ ချီးမြှောက်ခံရမယ်။ ရလာတဲ့အခွင့်အရေး ငွေကြေးအကျိုးအမြတ်တွေကို အထက်လူကြီးတွေနဲ့အတူ ဝေစားမျှစားကြပေါ့။
ခင်ဗျားအနေနဲ့ အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင်တယောက် ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ ကျော်ကြားမှု လုပ်ပိုင်ခွင့်အာဏာတွေကို သူငယ်ချင်း ဆွေမျိုးအသိုင်းအဝိုင်းတွေကို ပြန်ခွဲပေးဖို့ လိုတယ်။ လက်ဆောင်ပေးတာ၊ အကျိုးအမြတ်ရှာပေးတာ ဒါမှမဟုတ် အလုပ်နေရာ ခန့်ထားပေးတာမျိုး။ ဒီအစဉ်အလာအတိုင်း မလိုက်နာဘူးဆိုရင် တချိန်က ရှိထားတဲ့ ဆက်နွှယ်ပတ်သက်မှုတွေကို ခင်ဗျား ဆုံးရှုံးသွားလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားအတွက် အန္တရာယ်ရှိတယ်။ ကိုရီးယားတွေ အတွက်ကတော့ မိသားစုဆွေမျိုး သစ္စာခံအသိုင်းအဝိုင်းတွေကို အကာအကွယ်ပေးဖို့ဟာ အစဉ်အလာအရကို ထိပ်တန်းဦးစားပေးရမယ့်ကိစ္စ ဖြစ်တယ်။ အဲဒီမလုပ်ဘူးဆိုရင် ခင်ဗျားဟာ ကိုယ်ကျင့်တရား ပျက်ယွင်းသူ၊ အစဉ်အလာကို ဖျက်ဆီးသူပဲ။
သစ္စာခံမှုကို ဦးစားပေးတာရဲ့ အဓိကပြဿနာက ကျွမ်းကျင်မှုလိုအပ်တဲ့ ရာထူး နေရာတွေမှာ အရည်အချင်းရှိသူတွေ ရှိမနေခြင်းပါပဲ။ ဟန်ဂျင်းကုမ္ပဏီရဲ့ ဆုံးဖြတ်ချက် အမှားတွေထဲမှာ ထိပ်ပိုင်းဒါရိုက်တာတွေက စလို့ စီမံအုပ်ချုပ်ရတဲ့ နေရာတော်တော်များများမှာ အရည်အချင်း မရှိသူတွေကို ခန့်ထားခြင်းကြောင့် ဖြစ်တယ်ဆိုတာ ကျနော်တို့ တွေ့ခဲ့ရပြီးပြီ။ ဒီလူတွေဟာ သူဌေးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုးတွေ ဖြစ်လို့သာ ဒီနေရာတွေကို ရကြတာ။ အရည်အချင်းရှိလို့ မဟုတ်ဘူး။ ကုမ္ပဏီထဲမှာ သူတို့ကိုယ်တိုင် ဘာလုပ်လို့ လုပ်နေမှန်းတောင် သိကြတာ မဟုတ်ဘူး။
ဝမ်းနည်းစရာကောင်းတာက အခုပြောသွားတဲ့ အဖြစ်အပျက်တွေဟာ ဟန်ဂျင်းကုမ္ပဏီတခုတည်း သီးသန့်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ကိုရီးယားနိုင်ငံရဲ့ ကုမ္ပဏီအားလုံးနီးပါးမှာ ဒီလိုအကြောင်းအရာတွေ ရှိကြတယ်။ အတွေ့အကြုံရှိသူတွေ ပေးတဲ့ အကြံကောင်းတွေကို ထိပ်ပိုင်းနဲ့ နီးစပ်သူတယောက်က သူတို့စိတ်ကူးထားတဲ့ အစီအစဉ်တွေ ပျက်သွားမှာစိုးလို့ ပယ်ချလိုက်တာမျိုး။ ပတ်သက်ရာအချင်းချင်း အမှားလုပ်ရပ်တွေကို ဖုံးကွယ်ပေးကြတယ်။ အတွင်းစကားအရဆိုရင် ဆမ်ဆောင်းကုမ္ပဏီရဲ့ ဘက်ထရီပေါက်ကွဲမှု ဖြစ်စဉ်ဟာ ကုမ္ပဏီထဲမှာ ဒီလိုတွေ ဖြစ်နေတာကြောင့်လို့ ယူဆလို့ရတယ်။
မကြာမီသေးက ထွက်ပေါ်လာတဲ့ တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးရဲ့ လာဘ်စားမှု အရှုပ်တော်ပုံမှာ ဆိုရင်လည်း သမ္မတဟာ သူနဲ့နီးစပ်သူတွေကို မျက်နှာသာပေးမှုကြောင့် ဖြစ်တယ်လို့ ဆိုတယ်။ အစိုးရအဖွဲ့ထဲက ဝန်ထမ်း အမြောက်အမြားကို ဖယ်ရှားလိုက်ပြီး သစ္စာခံတွေနဲ့ အစားထိုးလိုက်တာဟာ ချွိုင်ဆွန်ဆေးလို့ ခေါ်တဲ့ သူငယ်ချင်းဖြစ်သူရဲ့ တောင်းဆိုမှုကြောင့်လို့ ယူဆကြတယ်။ အစားထိုးခန့်လိုက်တဲ့ သစ္စာခံတွေထဲက ချွိုင်ဆွန်ဆေးရဲ့ ဆွေမျိုးတော်စပ်သူ တယောက်ဟာ သမ္မတအိမ်တော်ထဲမှာ တပ်ဆင်မယ့် လုံခြုံရေးကင်မရာတွေကို မှောင်ခိုသွင်းမှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်။
ပတ်ဂွမ်ဟေးရဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံက ဘာကို ပြသလဲဆိုတော့ ပုဂ္ဂိုလ်ရေး ဆက်နွှယ်ပတ်သက်သူတွေကို ဦးစားပေးတယ်ဆိုတာဟာ တောင်ကိုရီးယားမှာ အရိုးစွဲနေတဲ့ လုပ်ထုံးလုပ်နည်းတခုလို ဖြစ်နေပြီဆိုတာကို ပြသတယ်။ ပိုပြီးဆိုးတာက သူ့သူငယ်ချင်းဟာ အစိုးရအဖွဲ့ထဲမှာ ထိပ်တန်းခေါင်းဆောင်တယောက်လို ဖြစ်လာပြီး သမ္မတရဲ့ လုပ်ငန်းတာဝန်တွေ အားလုံးနီးပါးကို လွှမ်းမိုးခြယ်လှယ်ခွင့် ရလိုက်တာပဲ။
ဘာကြောင့် ဒီလို အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေ ထွက်ပေါ်လာတာလဲဆိုတဲ့ အဖြေကတော့ ခေတ်ရေစီးတွေ ပြောင်းသွားလို့ပါ။ အရင်လို မဟုတ်တော့ဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အတွင်းမှာ သစ္စာခံတွေ နေရာမယူနိုင်အောင် အထူးသဖြင့် အောက်ခြေပိုင်းမှာ ခြစားမှုတွေ မဖြစ်အောင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ဥပဒေအသစ်တွေ ပြောင်းလဲပြင်ဆင် ပြဋ္ဌာန်းခဲ့တယ်။ လာဘ်ပေးလာဘ်ယူမှုနဲ့ မျက်နှာသာပေးမှုတွေကို အရင်လို ဖုံးဖိထားလို့ မရတော့ဘူး။
အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေ အဂတိလိုက်စားသလဲ၊ ဘယ်ကုမ္ပဏီတွေ လာဘ်ပေးလာဘ်ယူ ပြုသလဲ၊ ပြည်သူတွေ သိချင်နေပြီ။ မီဒီယာနဲ့ လူငယ်တွေ ချိတ်ဆက်သွားကြပြီး နစ်နာမှုတွေကို ထုတ်ဖော်ပြောဆိုနေကြပြီ။ ၂၀၁၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ကင်ယောင်ယမ်းရဲ့ တံစိုးလက်ဆောင် တိုက်ဖျက်မှုဥပဒေလို ပြင်းထန်တဲ့ ဥပဒေပိုင်း အရေးယူမှုတွေဟာ တတိုင်းပြည်လုံး သက်ဝင်လှုပ်ရှားလာနေပြီ။ ရှေ့ဆက်ပြီးတော့လည်း ကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့ထဲက သစ္စာခံအသိုင်းအဝိုင်းတွေရဲ့ မသမာမှုအကြောင်း အမြစ်လှန်ဖွင့်ချတဲ့ သတင်းတွေကို သတင်းစာ ခေါင်းစီးပိုင်းတွေမှာ သေချာပေါက် မြင်ရဖို့ရှိတယ်။ ကိုရီးယားမှာ အဂတိလိုက်စားမှု လျော့နည်း ပပျောက်သွားဖို့ကတော့ ကိုရီးယားတွေအနေနဲ့ သစ္စာခံ ပတ်သက်ရာ ပတ်သက်ကြောင်းတွေအပေါ် မှီခိုအားထားမှုကို စွန့်လွှတ်ပြီး တကယ့်အရည်အချင်း ရှိသူတွေကို ပွေ့ဖက်ကြိုဆိုမှသာလျှင်...
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transparency International ရဲ့ ၂၀၁၇ ခုနှစ် အဂတိလိုက်စားမှုအဆင့် ထုတ်ပြန်ချက်မှာ နယူးဇီလန်က အဂတိအကင်းဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပြီး တောင်ကိုရီးယားနိုင်ငံကတော့ အဆင့် ၅၁ မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်နဲ့ နှိုင်းယှဉ်ရင် အဆင့်တနေရာ မြင့်တက်သွားတာကို တွေ့ရပါတယ်။
၂၀၁၆ ခုနှစ် The Diplomat မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ Justin Fendos ရဲ့ South Korea’s Corruption Culture ဆောင်းပါးကို ဘာသာပြန်သည်။
ကျော်ျေကျာ် (archive)










