
သရဲဝိညာဉ်လောကအကြောင်း စိတ်ဝင်စားတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဝိညာဉ်စိမ်း အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၂၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
မောင်ချမ်းသာ (ရွှေမန်းသဘင်) ရဲ့ ဇာတ်လမ်းကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းက ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာ ဝါရင့်သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာပါ။
ဇာတ်လမ်းကတော့ သေဆုံးချိန်မှာ နာမည်အခေါ်မှားရာကနေတဆင့် အမျှဝေရာမှာ သာဓုခေါ်ဖို့ အခက်အခဲဖြစ်ရပြီး မကျွတ်မလွတ်ဖြစ်ရတဲ့ ဖခင်တဦးနဲ့ တကောင်ကြွက်ဘဝနဲ့ ဆိုးမိုက်ပေတေပြီး သေဆုံးသွားချိန်မှာ မကျွတ်လွတ်ဘဲ ဝိညာဉ်စိမ်းကြီးဖြစ်နေသူတဦးတို့ ထိပ်တိုက်တွေ့ကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။
စရိုက်ပုံစံ အမျိုးမျိုးနဲ့ ကျန်နေခဲ့တဲ့ မိခင်၊ သား ၄ ယောက်နဲ့ ဖခင်ကြားက ချစ်ခြင်းမေတ္တာတွေကိုပါ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဝိညာဉ်စိမ်းနေရာမှာတော့ ဝါရင့်သရုပ်ဆောင် ကျော်သူက ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
ဖခင်နဲ့ သား ၄ ယောက်နေရာမှာတော့ ရန်အောင်နဲ့အတူ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံတို့က အတွဲညီညီ သရုပ်ဆောင်ထားကြပြီး နေမျိုးအောင်နဲ့ စိုးမြတ်သူဇာတို့ကလည်း ပါဝင်အားဖြည့်ထားတာပါ။
လက်ရှိမှာတော့ ဒီရုပ်ရှင်ကား နမူနာဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။










