ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထားရှိမည့်အစီအစဉ် ကရင်နီ ပြည်သူလူထုကန့်ကွက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထားရှိမှာကို ကန့်ကွက်ကြောင်းနဲ့ တည်ဆောက်နေတာကို ရပ်တန့်ပေးဖို့ ကရင်နီပြည် လူထုအခြေပြုအသင်းအဖွဲ့တွေက ကယားပြည်နယ်အစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
ဒီစာမှာ ကရင်နီပြည်လူထုအခြေပြု အသင်းအဖွဲ့ ၇ ဖွဲ့က ပူးပေါင်းပြီး ပြည်နယ် အစိုးရထံ ပေးပို့ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးအခြေအနေ မရေရာသေးဘဲ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုကို ကယားပြည်နယ်ထဲ လာရောက်ထားရှိပါက ပြဿနာတွေကို ပိုမိုကြီးထွားပြီး တိုင်းရင်းသားတွေအကြား သွေးကွဲမှု ပိုမိုဖြစ်စေမယ်လို့ စာမှာဖော်ပြပါတယ်။
ဒါ့အပြင် လူမျိုးကြီးဝါဒကို ပိုမိုပေါ်လွင်အောင် လုပ်ဆောင်သလို ဖြစ်နေတာ၊ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ နှစ်ဦးနှစ်ဘက် စစ်ရေးတင်းမာမှုနဲ့ ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့လည်း စာမှာဖော်ပြပါတယ်။
ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးဒီးဒီက “ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်ရင် ကျနော်တို့ ပြည်နယ်မှာ သမိုင်းအစဉ်အလာအရ ဆက်နွှယ်မှု မရှိဘူးပေါ့နော်။ နောက်တခုက ကျနော်တို့က ဗမာပြည်လွတ်လပ်ရေးရယူပေးတဲ့ ပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုတယ်။ လေးစားတယ်။ သို့သော်ကျနော်တို့ ပြည်နယ်မှာအခုလို ရုပ်ထုလာ ထားတာက ကျနော်တို့ရဲ့သမိုင်းတွေ၊ ကျနော် တို့ရဲ့အစဉ်အလာ၊ ကျနော်တို့အမျိုးသားရေးကို ထိခိုက်နိုင်တယ်။ နောက် ကျနော်တို့ တိုင်းရင်းသားတွေကို ကြားထဲမှာလည်း သဘောထားတွေ ကွဲလွဲနိုင်တယ်။ အဲဒါကြောင့် ကန့်ကွက်ရခြင်းဖြစ်တယ်။ ”
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ထားရှိဖို့ ကယားပြည်နယ်အစိုးရက ဦးစီးလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အများပြည်သူတို့ရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဲဒီရုပ်ထုကို အာဇာနည်နေ့မတိုင်မီ အပြီးဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိအခြေ အနေမှာတော့ အောက်ခြေ အုတ်ခုံတည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဟာ ကြေးပိသာချိန် (၁၀၀၀)၊ အမြင့် (၁၅)ပေရှိပြီး ငွေကျပ် သိန်း ၆၀၀ ကုန်ကျမှာဖြစ်ပါတယ်။











