မြေသိမ်းဥပဒေကြမ်းတွင် ကာလတန်ဖိုး နစ်နာကြေးပေးရန် ပြင်ဆင်ထား

၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းမှာ နစ်နာသူတွေအတွက် ကာလတန်ဖိုး၊ နစ်နာကြေး၊ ရွှေ့ပြောင်းစရိတ်တို့ပေးဖို့ ပြင်ဆင်ထားတယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
ဇွန်လ ၁၈ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းတာမှာ ပြောတာပါ။
ဥပဒေကြမ်းမှာ မြေသိမ်းဆည်းတဲ့ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့၊ အဂတိလိုက်စားမှုနဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစားမှုတွေ မဖြစ်စေဖို့အတွက် ဒေသခံပြည်သူတွေကို ချပြဆွေးနွေးတာ၊ သဘောထားရယူတာတွေ ဆောင်ရွက်ဖို့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။
“မြေသိမ်းဆည်းတာမှာ မြေပိုင်ဆိုင်သူ၊ သိမ်းဆည်းမြေနဲ့ ဆက်နွှယ်ပတ်သက်သူ၊ ထိခိုက် နစ်နာသူတွေအတွက် ဒေသကာလတန်ဖိုးအတိုင်း လျော်ကြေး၊ နစ်နာကြေးတွေ ပေးရုံမက ရွှေ့ပြောင်းနေရာချထားစရိတ်ပေးတာ၊ ပြန်လည်နေရာချထားပေးတာ၊ လူမှုစီးပွားဘ၀ကို ပြန်လည် ထူထောင်ပေးတာစတဲ့ ဆောင်ရွက်ပေးရမယ့် ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်” လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။
ဒါအပြင် မြေသိမ်းဆည်းပြီး အသုံးပြုမှုကြောင့်ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ မြေသိမ်းဆည်းခံရတာကြောင့် အမျိုးသမီးတွေ၊ ကလေး တွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဓလေ့ထုံးစံအရ ပိုင်ဆိုင်ခွင့်ရှိသူတွေ အပါအ၀င် ထိခိုက်နစ်နာလွယ်သူတွေကို ထိခိုက်နစ်နာမှု မရှိစေဖို့ အထူးဂရုပြုဆောင်ရွက်ရမယ့် ပြဋ္ဌာန်းချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကော်မတီအနေနဲ့ တည်ဆဲမြေသိမ်းဥပဒေ၊ အဆိုပြု ၂၀၁၇ မြေသိမ်းဥပဒေကြမ်းတို့ အပေါ် သက်ဆိုင်ရာကော်မရှင်၊ ကော်မတီတွေရဲ့ အကြံပြုချက်၊ ၀န်ကြီးဌာနတွေရဲ့ အကြံပြု ချက်တွေအပေါ် သုံးသပ်ပြင်ဆင်ခဲ့တဲ့အပြင် လူမှုအဖွဲ့အစည်းတွေရဲ့ အသံ၊ မြေယာဆိုင်ရာ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ၊ မီဒီယာတွေကတဆင့် ဆောင်းပါးရှင်တွေရဲ့ အကြံပြုချက်တွေကိုပါ စဉ်းစားသုံးသပ်ပြီး ပြင်ဆင်ချက်အများအပြားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။











