DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် အောင်သပြေစစ်ကြောတွင်  ၃ နာရီကြာ ဒူးထောက်စစ်ဆေးခံခဲ့ရ
DVB
·
June 18, 2018
ရိုက်တာသတင်းထောက် အောင်သပြေစစ်ကြောတွင်  ၃ နာရီကြာ ဒူးထောက်စစ်ဆေးခံခဲ့ရ
Donate to DVB

 

ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက်တွေထဲက ရခိုင်အခြေစိုက် ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးက  အောင်သပြေစစ်ကြောရေးစခန်းထဲမှာ သုံးနာရီ ကြာအောင် ဒူးထောက် စစ်ဆေးခံခဲ့ရတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့နေ့ ညတွင်းချင်းမှာပဲ အောင်သပြေစစ်ကြောရေးစခန်းထဲမှာ ညမအိပ်ရဘဲ ၃ ရက်ကြာလောက်စစ်ဆေးခံခဲ့ရတာလို့ ရိုက်တာသတင်းထောက် ကိုဝလုံးကလည်း ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲထားတဲ့အမှု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ဇွန်လ ၁၈ရက်က ၂၇ ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးပါတယ်။

ရုံးထုတ်ရာမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုတဲ့ စီအိုင်ဒီက ရဲမှူး တင်ဝင်းမောင်ကတော့ အောင်သပြေစစ်ကြောရေးမှာ စစ်ဆေးခဲ့တာမရှိဘူးဆိုပြီး ငြင်းဆိုခဲ့သလို ထောက်ကြံ့နယ်မြေ ရဲစခန်းမှာပဲ စစ်ဆေးခဲ့တာဖြစ်တယ်လို့ တရားရုံးထဲမှာ စစ်ဆေး မေးမြန်းတိုင်း ထွက်ဆိုခဲ့ပါတယ်။

ဇွန်လ ၁၁ ရက် ၂၅ ကြိမ်မြောက်ရုံးထုတ်မှာလည်း လာရောက်ထွက်ဆိုခဲ့တဲ့ လိုပြသက်သေ ထောက်ကြံ့နယ်မြေ ရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်က ထောက်ကြံ့နယ်မြေရဲစခန်းမှာပဲ စစ်ဆေးခဲ့တာဖြစ်တယ်၊ အောင်သပြေ စစ်ကြောရေး စခန်းထဲမှာ မစစ်ဆေးခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးကတော့ “အောင်သပြေစစ်ကြောရေးမှာ စစ်ဆေးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို မသိစေချင်တာနဲ့ အောင်သပြေစစ်ကြောရေး မှာ မစစ်ခဲ့ကြောင်းအကြိမ် ကြိမ်ငြင်းဆိုနေကြတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေရဲ့အမှုကို လာမယ့်နောက်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးတော့မှာဖြစ်ပါတယ်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း အပါဝင် ကျန်နေသေးတဲ့သက်သေသုံးယောက်ကို ပယ်လိုက်တဲ့အတွက် ရုံးချိန်းကို ဇူလိုင် ၂ ရက်နေ့မှာ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်အဆိုတင်သွင်းကြမှာလို့  သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇေက ဆိုပါတယ်။

ဒီအမှုကို စတင်ရုံးထုတ်လာကတည်းက နိုင်ငံတော်လျှို့ဝှက်ချက်စာရွက် စာတမ်းတွေ သတင်းထောက်တွေလက်ထဲ ဘယ်လိုရောက်သွားတယ်ဆိုတာ ၇ လအတွင်း ရုံးချိန်း ၂၇ ချိန်း သက်သေ ၂၃ ယောက်ကို စစ်ဆေးခဲ့ပေမယ့် ပေါ်လွင်အောင် မစစ်ဆေးနိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။

လင်းဆက်အောင်/ ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013