DVB Logo
Home
မြန်မာသတင်း
FDA အရာရှိ မရွှေရည်ဝင်း အသတ်ခံရမှု အပြီးသတ် အမိန့်ချမည်
DVB
·
June 18, 2018
FDA အရာရှိ မရွှေရည်ဝင်း အသတ်ခံရမှု အပြီးသတ် အမိန့်ချမည်
Donate to DVB

 

FDA က ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း အသတ်ခံရမှုအတွက် အငှားယာဉ်မောင်း မျိုးဇော်ဦးကို အခုလာမယ့် သောကြာနေ့ ဇွန် ၂၂ရက်မှာ အပြီးသတ် အမိန့်ချတော့မှာ ဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ ၁၈ ရက် ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျောက်လဲချက် ကြားနားရာမှာ တရားစွဲခံထားရတဲ့ မျိုးဇော်ဦးရဲ့ ရှေ့နေက မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်တွေအရ အမျိုးသမီးအင်္ဂါနဲ့ အမျိုးသားအင်္ဂါမှာ သုတ်ပိုးမတွေ့ရတာ၊ မရွှေရည်ဝင်း လည်ပင်းကို ထိုးသွင်းခဲ့တယ်ဆိုတဲ့ ၀က်အူလှည့်ကို သက်သေခံအဖြစ် မတင်နိုင်ခဲ့တာတွေနဲ့ မျက်မြင်သက်သေမရှိတာကြောင့် စီရင်ထုံးတွေကို ထောက်ပြခဲ့ပြီး အမှုကို ၃၀၂(၁)(ဂ) အစား လူသေမှုအဖြစ်ပဲ သတ်မှတ်ဖို့ တင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာလည်း ယာဉ်မောင်းမျိုးဇော်ဦးဟာ မရွှေရည်ဝင်းကို မုဒိမ်းကျင့်တယ် ဆိုတဲ့ မူလက ပေးခဲ့တဲ့ဖြောင့်ချက်ကို ရုပ်သိမ်းကြောင်း လျောက်ထားခဲ့ပြီး တရားရုံးကလည်း တရားလိုရှေ့နေက လျောက်ထားတဲ့ မုဒိမ်းမှုပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၇၇ ထပ်တိုးဖို့ လျောက်ထားချက်ကို ပယ်ချထားပါတယ်။

ဒီနေ့မှာတော့ တရားလိုရှေ့နေ အနေနဲ့ စတင်ဖမ်းဆီးခဲ့စဉ်က မျိုးဇော်ဦးကိုယ်တိုင် မရွှေရည်ဝင်းရဲ့ဖုန်းကို သွားရောက်ရောင်းချခဲ့တာ၊ မရွှေရည်ဝင်းရဲ့ လက်ကျန်ပစ္စည်းတွေ လွှင့်ပစ်ခဲ့တဲ့နေရာကို ရဲတပ်ဖွဲ့ကို ကိုယ်တိုင်လိုက်ပြခဲ့တာနဲ့အတူ မိန်းမကိုယ်အတွင်း ထိုးသွင်း ဒဏ်ရာတွေရှိခဲ့တာနဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေကို လျောက်လဲချက်တင်ခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ)နဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့ လျောက်လဲချက်တင်ခဲ့ပါတယ်။

လျောက်လဲချက်တွေ နားထောင်အပြီးမှာတော့ အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးမြင့်ကျော်က လာမယ့် ဇွန်လ ၂၂ ရက်နေ့ အပြီးသတ်အမိန့် ချမယ်လို့ ပြောပါတယ်။

မရွှေရည်ဝင်းရဲ့ဖခင်ကတော့ တရားသူကြီးရဲ့အပြီးသတ်အမိန့်ချဖို့ ပြောဆိုအပြီး ရုံးက အထွက်မှာ သူအနေနဲ့ ရာဇသတ်ကြီးဥပဒေ ၃၀၂(၁)(ဂ)ကို ကျေနပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မရွှေရည်ဝင်းဟာ ဇန်န၀ါရီ ၂၁ ရက်ညက အိမ်အပြန်ကားငှားစီးရင်း ပျောက်ဆုံးခဲ့တာ ဖြစ်ပြီးတော့ နောက်တနေ့မနက်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူး တံတားဘေး ကုလားမန်ကျည်းပင်အောက်မှာ အလောင်း ပြန်လည်တွေ့ရှိခဲ့ တာပါ။

ဒီအမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲမှာပဲ ယုဇနပလာဇာထဲက ဖုန်းဆိုင် တဆိုင်မှာ မရွှေရည်ဝင်းကိုင်ဆောင်လာတဲ့ ဆမ်ဆောင်းဖုန်းကို လူတယောက် လာရောင်းတယ် ဆိုတဲ့ သတင်းပေးပို့ချက်အရ အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဖမ်းဆီးမိခဲ့ပါတယ်။

အသက် ၂၅ နစ်အရွယ် အငှားယာဉ်မောင်း မျိုးဇော်ဦးကို စစ်ဆေးတဲ့ နေရာမှာတော့ မရွှေရည်ဝင်းနဲ့ကားငှားစီးရင်း အဲယားကွန်းဖွင့်လို့ ငွေတထောင်ပိုတောင်းရာကနေ အချင်းများပြီး လည်ပင်းညှစ်ခဲ့ကြောင်း သတိလစ်သွားချိန်မှာ လည်ပင်းကို ၀က်အူလှည့်နဲ့ထိုးသွင်းခဲ့တာတွေ အဓမ္မပြုကျင့်တဲ့ လက္ခဏာတွေအရ မုဒိမ်းကျင့်ခဲ့တယ်ဆိုတာတွေကို မျိုးဇော်ဦးက ရဲတွေကို ဖြောင့်ချက်ပေး ထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးက မျိုး​ဇော်​ဦးကို ရာဇဝတ်​မှုပုဒ်​မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားခဲ့ပါတယ်။ ဒီအမှုစတင်ခဲ့ချိန်မှာ လူစိတ်ဝင်စားမှု မြင့်တက် ခဲ့ပြီး တရားခံကိုသေဒဏ်ပေးဖို့အတွက် အမျိုးသမီးအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။

မရွှေရည်ဝင်းအတွက် တရားမျှတမူကိုတော့ လာမယ့် ဇွန်လ ၂၂ ရက် သောကြာနေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးက အဆုံးဖြတ်ပေးတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013