DVB Logo
Home
မြန်မာသတင်း
လုပ်အားခအပြည့်ရရေးတောင်းဆိုသည့် မြန်မာလုပ်သား ၃၀၀ ခန့်ကို အလုပ်ရှင် နှင်ထုတ်
DVB
·
June 18, 2018
လုပ်အားခအပြည့်ရရေးတောင်းဆိုသည့် မြန်မာလုပ်သား ၃၀၀ ခန့်ကို အလုပ်ရှင် နှင်ထုတ်
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း ကမ္ဘောဒီးယားနယ်စပ် ပရကျင်းဘူရီခရိုင်ထဲမှာ လုပ်အားခ အပြည့်ရဖို့ ပြန်လည်တောင်းဆိုတဲ့ မြန်မာလုပ်သား ၃၀၀ နီးပါး အလုပ်ရှင်နှင်ထုတ်လို့  နေစရာအခက်အခဲဖြစ်နေရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ကဘင်ပူရီမြို့နယ်ရှိ ငါးဖမ်းပိုက်စက်ရုံတရုံကဖြစ်ပြီး  အဲဒီမှာ နှစ်နဲ့ချီ လုပ်ကိုင်လာခဲ့ကြပေမယ့် ဥပဒေကသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခ တနေ့ ၃၀၈ ဘတ်မရလို့ နောက်ကြောင်းပြန် နစ်နာကြေးတောင်းဆိုခဲ့ကြကြောင်း၊  ပထမတော့ အလုပ်ရှင်က ပေးမယ်လို့ ကတိပြုထားပြီးကာမှ မနေ့ကတော့ ရဲနဲ့စစ်တပ်တွေခေါ်လာပြီး အ လုပ်သမားတွေကို မောင်းထုတ်ခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ မဟာမိတ်အဖွဲ့ (ဖျက်သိမ်း) တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီဒေသမှာ ဥပဒေသတ်မှတ်ချက်အတိုင်းဆို တနေ့ ၃၀၈ ဘတ်ရရမှာဖြစ်တယ်။ ဒါပေမယ့် သူတို့က တနေ့ဘတ် ၂၀၀ ကျော်နဲ့ လုပ်လာတာ။ တနေ့ကို ၁၀၀ လောက်နစ်နာနေ ကြတယ်။ အဲဒါအလုပ်သမားတွေ ပြန်တောင်းလို့ ရမှန်းသိလာတော့ နောက်ပြန်လုပ်အားခ နစ်နာကြေး တောင်းဆိုတယ်။ လွန်ခဲ့တဲ့ ၁ လခွဲလောက်ကပေါ့။ အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုတော့ အလုပ်ရှင်က လိုက်လျောပေးမယ်ပေါ့။ ၂ နှစ်စာ နောက်ကြောင်းပြန် တွက်ပေး မယ်ဆိုပြီး၊ ဆ၀ဒီးကန် (အလုပ်သမားကာကွယ်စောင့်ရှောက်ရေး) ရုံးက တာဝန်ရှိသူတွေရှေ့မှာ ကတိပြုတယ်။ အဲဒီမှာ နှစ်ကြီးသမားတွေဆို သောင်းနဲ့ချီပြန်ရဖို့ရှိတယ်။  တချို့က ၄ သောင်း တချို့က ၅ သောင်း၊ ဒါပေမယ့် နောက်ပိုင်းကျတော့ ၁ ယောက်ကို ၅ ထောင်ပဲ ပြန်ပေးနိုင်မယ်၊ မကျေနပ်ရင် မလုပ်ကြနဲ့လို့ပြောပြီး မနေ့ညက ရဲတွေရော၊ စစ်တပ်ရော ခေါ်လာပြီး မောင်းထုတ်တယ်။”

မောင်းထုတ်ခံရတဲ့ အလုပ်သမားတွေဟာ အထုတ်အပိုးတွေပြင်ပြီး နီးစပ်ရာ ထိုင်း ဘုန်းကြီးကျောင်းတကျောင်းမှာ ခေတ္တခဏ သွားရောက်ခိုလှုံနေရတယ်လို့ သူက ဆက်ပြောပါ တယ်။

အေအေစီအဖွဲ့အနေနဲ့ကတော့ ခေါင်းဆောင်တွေကိုယ်တိုင်  လောလောဆယ်အာမခံနဲ့ အမှုရင်ဆိုင်နေရဆဲမို့ လမ်းညွှန်အကြံပြုပေးရုံကလွဲလို့ ဘာမှမကူညီနိုင်သေးကြောင်း၊ အလုပ်သမားတွေအနေနဲ့ သူတို့အခက်အခဲကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ အလုပ်သမား သံအရာရှိတွေဆီ ဆက်သွယ်ဖို့ အကြံပြုထားတယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လက်ခံဖြေကြားပေးသူမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013