DVB Logo
Home
Lead Story
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ခင်းကြတော့မလား
DVB
·
June 18, 2018
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ခင်းကြတော့မလား
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်နိုင်ငံက တင်သွင်းနေတဲ့ သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန်တွေ ဘီလျံပေါင်းအတော်များများ တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ် အမိန့်ပေးလိုက်ပြီး တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ခင်းဖို့ မီးမွှေးလိုက်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ကုန်သွယ်စီးပွားကိစ္စမှာ ကမ္ဘာတဝန်းလုံးအထိ ချဲ့ထွင်ဖို့ မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေတဲ့ ကမ္ဘာ့ ဒုတိယ စီးပွားရေး မဟာအင်အားကြီးနိုင်ငံကို သွားစလိုက်တာလို့ ပြောရမှာပါပဲ။ တရုတ်ဟာ ဒီအတိုင်းတော့ ငြိမ်ကြည့်နေမယ့် နိုင်ငံတခုမဟုတ်ဘူး၊ လက်တုံ့ပြန်လာလိမ့်မယ် ဆိုတာကိုတော့ အမေရိကန် စီးပွားရေးသမား သမ္မတ ထရမ့် သိမှာပါပဲ။ သိလျက်နဲ့ လုပ်လိုက်တာလို့ ပြောရမှာပါပဲ။

အဲဒီလို တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံဖို့ သမ္မတ ထရမ့်ရဲ့ ကြေညာချက်ဟာ ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး မဟာအင်အားကြီး နိုင်ငံကြီး ၂ ခုအကြား ကုန်သွယ်ရေးစစ်ပွဲကြီး ဆင်နွှဲဖို့ တာစူလိုက်တာပဲ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ နောက် အဲဒီကြေညာချက်ဟာ တရုတ်ရဲ့ အင်တိုက်အားတိုက်လုပ်လာတဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေနဲ့ ၂ နိုင်ငံကုန်သွယ်ရေးမှာ မြင့်မြင့်မားမားကို ကွာဟနေတဲ့ ကုန်သွယ်ရေးမမျှမတ ဖြစ်နေမှုတွေအတွက် သမ္မတ ထရမ့်ရဲ့ မကျေမနပ်ဖြစ်မှုတွေကို ပြေလျော့သွားအောင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံထုတ်ကုန် ပစ္စည်းတွေကို ပိုပြီးဝယ်ယူဖို့ ကမ်းလှမ်းလာတာကို မကျေနပ်နိုင်သေးတဲ့ ထရမ့်က ပိုပြီးတင်းမာတဲ့ သဘောထားကို ပြသလိုက်သလို ဖြစ်သွားတယ်လို့ ပြောရမှာပါပဲ။

နှစ်နိုင်ငံကြား လပေါင်းများစွာ အများကြီးပြုလုပ်ခဲ့တဲ့ ကုန်သွယ်ရေး သံခင်းတမန်ခင်းတွေကို ဒီကြေညာချက်က ဘာမှ အရာမထင်ဘူးလို့ ပြသလိုက်သလိုလည်း ဖြစ်သွားပါတယ်။ အဲဒီလို သမ္မတ ထရမ့်က ထပ်ဆောင်းကုန်သွယ်ခွန် ချမှတ်ဖို့ သတိပေးလာတာအပေါ် တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်တွေပေါ်ကိုလည်း လက်တုံ့ပြန် ကုန်သွယ်ခွန် တိုးကောက်လာလေမလား။ ဒါပေမယ့် တရုတ်နိုင်ငံဘက်က အမေရိကန်သွင်းကုန်တန်ဖိုး ဒေါ်လာသန်းထောင်ပေါင်း ၅၀ ပေါ် ကောက်ခံမယ့် အကောက်ခွန်ရဲ့ ၂၅ ရာခိုင်နှုန်းကို သက်သာခွင့်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတ ထရမ့်ကတော့ “အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ကျနော်တို့ရဲ့ နည်းပညာတွေနဲ့ အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုတွေ မမျှတတဲ့ ကုန်သွယ်ရေး ဆောင်ရွက်မှုတွေကြောင့် ဆုံးရှုံးနေရတာကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက ဆက်ပြီး “ဒီကုန်သွယ်ခွန်တွေဟာ တရုတ်နိုင်ငံကို ကျနော်တို့ရဲ့ နည်းပညာတွေ အသိဉာဏ်ပညာဆိုင်ရာ ပိုင်ဆိုင်မှုတွေ ထပ်ပြီး မမျှမတ ကူးပြောင်းရောက်ရှိသွားမှာကို ကာကွယ်ဖို့ လိုအပ်ပါတယ်၊ အမေရိကန် အလုပ်အကိုင်တွေကိုလည်း အကာအကွယ် ပေးပါလိမ့်မယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လေ့လာသူတွေကတော့ ထရမ့်ရဲ့ ကုန်သွယ်ခွန်အသစ်ဟာ အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း ၅၀ အတွက် အပြည့်အဝတော့ အနည်းဆုံး အစပိုင်းမှာ ထေမိနိုင်လိမ့်မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာကတော့ အမေရိကန်ဒေါ်လာ ၃၄ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းပေါင်း ၈၁၈ မျိုးအပေါ် ပြစ်ဒဏ်ကောက်ခွန်တွေကို ဇူလိုင်လ ၆ ရက်နေ့ကစတင်ပြီး ကောက်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ဒုတိယ ပြစ်ဒဏ် ကုန်သွယ်ခွန်ကောက်ခံမယ့် ဒေါ်လာ ၁၆ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်း ၂၈၄ မျိုးကိုတော့ ပြစ်ဒဏ်ကုန်သွယ်ခွန် စတင် မကောက်ခံခင် ပြန်လည်သုံးသပ်မှာဖြစ်သလို ပြည်သူလူထုရဲ့ ဝေဖန်မှုတွေကိုလည်း ရယူသွားမယ်လို့ ပြောခဲ့ပါတယ်။

တကယ်လို့သာ ဒုတိယအသုတ် တရုတ်ကုန်ပစ္စည်းတွေအပေါ် အပြည့်အဝ ကောက်ခံမယ်ဆိုရင်တော့ တရုတ်ကုန်ပစ္စည်း စုစုပေါင်း ဒေါ်လာဘီလျံ ၅၀ တန်ဖိုး ဖြစ်သွားပါလိမ့်မယ်။

ဒါပေမယ့် ကုမ္ပဏီတွေဘက်ကတော့ ကင်းလွတ်ခွင့်ကို တနည်းနည်းနဲ့ရအောင် လုပ်လာနိုင်ခြေရှိတဲ့အတွက် နောက်ဆုံး စုစုပေါင်း ပမာဏကတော့ လျော့ကျသွားနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။ မတ်လထဲတုန်းက အရေးယူဒဏ်ခတ်ဖို့ လျာထားခဲ့တဲ့ ကုန်ပစ္စည်း ၅၀၀ လောက်ကတော့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် မှီခိုအားထားနေရတဲ့ ကုမ္ပဏီတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖယ်ထုတ်ပေးခဲ့ရပါတယ်။

တရုတ်နိုင်ငံဘက်က တန်ပြန်အရေးယူဆောင်ရွက်မှု လုပ်လာတာကလည်း အမေရိကန်ဒေါ်လာ ၃၄ ဘီလျံ တန်ဖိုးရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်နဲ့ မော်တော်ယာဉ်တွေ အပါအဝင် အမေရိကန်ပို့ကုန် ၅၄၅ မျိုး ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံနဲ့ မနီးယိုးစွဲပဲလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းစာက ဖော်ပြခဲ့ပါတယ်။ သတင်းဌာနက နိုင်ငံတော်ကောင်စီက နောက်ထပ် အမေရိကန်ပစ္စည်း ၁၁၄ မျိုးကိုလည်း တန်ပြန်ကုန်သွယ်ခွန် နောက်ပိုင်းမှာ ကောက်ခံသွားမယ်လို့ ထုတ်ပြန်တယ်လို့လည်း ဖော်ပြပါတယ်။ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကုန်သွယ်ခွန်ကောက်ခံဖို့ ဆုံးဖြတ်ချက် ချမှတ်တာဟာ “အရင်က ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းသဘောတူညီချက်တွေဟာ တရားမဝင် အတည်မဖြစ်တော့တာကို ဆိုလိုတယ်လို့ ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက “ဘက်နှစ်ဘက်လုံးက အထွေထွေသဘောတူညီချက်တွေကို အလေးမထားဘဲ အမေရိကန်ပြည်ထောင်စုက ဗလောင်းဗလဲလုပ်ပြ၊ ကုန်သွယ်ရေးစစ်ပွဲကို မီးမွှေးလိုက်တာကတော့ အတော်ကြီး ဝမ်းနည်းစရာ ကောင်းပါတယ်” လို့လည်း ထုတ်ပြန်ပြောဆိုခဲ့သလို တခြားနိုင်ငံတွေကိုလည်း အမေရိကန်နိုင်ငံရဲ့ ဒီ ခေတ်မမီတော့တဲ့ နောက်ပြန်ဆွဲ လုပ်ရပ်အပေါ် စုပေါင်းအရေးယူကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ တုံ့ပြန်ထိုးနှက်လာမှာကို အသေအချာသိနေတဲ့ အမေရိကန် လယ်သမားတွေကတော့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာရင် သူတို့ကို ရိုက်ခတ် ထိခိုက်နစ်နာလာမှာတွေအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်အစိုးရ အိမ်ဖြူတော်ကတော့ တရုတ်နိုင်ငံက တန်ပြန်အရေးယူ ဆောင်ရွက်လာတာတွေဟာ တရားမျှတမှု မရှိတဲ့အကြောင်း အမေရိကန်ရဲ့ နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဆက်ပြောခဲ့ပါတယ်။ အကြီးတန်း အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တယောက်တော့ “ကျနော်တို့က အဓိကအနေနဲ့ ခုခံကာကွယ်ရေး အရေးယူဆောင်ရွက်မှုတွေကိုပဲ လုပ်ခဲ့တာပါ” လို့ ပြောဆိုခဲ့ပြီး “နောက်ထပ်ခြိမ်းခြောက်မှုတွေဟာ တခြားကုန်ထုတ်လုပ်ငန်းတွေကိုပါ ထိခိုက်လာလိမ့်မယ် ဆိုတာဟာ မမှန်ပါဘူး” လို့ သူက ဆက်ပြီး သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

မတ်လတုန်းက အမေရိကန်သမ္မတ ထရမ့်က သံမဏိနဲ့ အလူမီနီယံ ပစ္စည်းအားလုံးအပေါ်မှာ ကုန်သွယ်ခွန် တိုးမြှင့်လိုက်တဲ့အပေါ် ဧပြီလမှာ တရုတ်နိုင်ငံက ဝက်သား၊ ဝိုင်အရက်နဲ့ တချို့ပိုက်တွေ အပါအဝင် အမေရိကန်ကုန်ပစ္စည်း ၁၂၈ မျိုးကို ပြစ်ဒဏ်အကောက်ခွန်ကောက်ပြီး လက်တုံ့ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးထိုးစစ်ဟာ သမ္မတ ထရမ့်က သူ့ရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံတွေ အားလုံးအပေါ် မျက်နှာစုံဖွင့် တိုက်ခိုက်လာမှုကို တခုတည်းသော တိုက်ခိုက်လာတဲ့ဘက်ပဲ ဖြစ်ပါတယ်။

တကယ်တော့ သမ္မတ ထရမ့်က မမျှတတဲ့ ယှဉ်ပြိုင်မှုကနေ အမေရိကန် ကုန်ထုတ်လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးဖို့ဆိုပြီး မတ်လမှာ ကနေဒါ၊ မက္ကဆီကန်နဲ့ ဥရောပခေါင်းဆောင်တွေအပေါ် အမျက်ရှပြီး သံမဏိနဲ့ အလူမီနီယံပစ္စည်းတွေ အားလုံးကို ကုန်သွယ်ခွန်တိုးပြီး ချမှတ်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လယ်သမားတွေ၊ ကုန်ထုတ်လုပ်ငန်းရှင်တွေက တခြားနိုင်ငံတွေဘက်က တုံ့ပြန်ကုန်သွယ်ရေး စစ်ဆင်တိုက်ခိုက်လာမှာကို စိုးရိမ်ကြသလို အမေရိကန် အောက်လွှတ်တော် အကောက်ခွန်ဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ကယ်ဗင်းဘရက်ဒီကလည်း အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေကို ပျက်စီးသွားစေနိုင်တဲ့ လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေခဲ့ပါတယ်။

သူက “ဒီကုန်သွယ်ခွန်အသစ်က အမေရိကန် ကုန်ထုတ်လုပ်သူတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ စားသုံးသူတွေကို ထိခိုက်လာမှာကို ကျနော်စိုးရိမ်ပါတယ်” လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံ အပါအဝင် နောက် အမေရိကန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံတို့ ကုန်သွယ်ရေးစစ်ပွဲ တကယ်ပဲ ဖြစ်လာလေမလား။ သမ္မတ ထရမ့်ကို အမေရိကန်ပြည်သူတွေ ဘယ်လိုဝေဖန် ပြောဆိုလာကြမလဲ၊ တရုတ်နိုင်ငံကတော့ စပြီး ကုန်သွယ်ရေးအရ လက်တုံ့ပြန် ထိုးနှက်တိုက်ခိုက်လာပါပြီ။ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုဖြစ်တဲ့ အမေရိကန်နိုင်ငံကို စုပေါင်းအရေးယူ တိုက်ခိုက်ကြဖို့ တခြားနိုင်ငံတွေက သဘောတူလိုက်ရင်ရော… ဆိုတာတွေကတော့ ဆက်ပြီး စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။       ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013