DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးခေါင်းဆောင်နှစ်ဦး ဘာပြော ဘာထူး
DVB
·
June 17, 2018
အမျိုးသမီးခေါင်းဆောင်နှစ်ဦး ဘာပြော ဘာထူး
Donate to DVB

မိုးရေတွေနဲ့ စိုပြည်စိမ်းလန်းနေတဲ့ ဇွန်လ ဆယ်ရက်ပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းတွေထဲမှာ ထူးတာ တွေ့လိုက်ရပြီး ဒီသတင်းစကားတွေကို ပြောခဲ့သူနှစ်ဦးဟာ လက်ရှိ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်နေတယ်။ ပြီးတော့ အသက် ၇၀ ကျော် အမျိုးသမီးခေါင်းဆောင်တွေ ဖြစ်နေတယ်။ တဦးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး နောက်တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ သတင်းဌာနတခုနဲ့ အင်တာဗျုးမှာ ရခိုင်အရေး ပြောခဲ့တာဖြစ်ပြီး ရှိတ်ဟာဆီနာကတော့ ကနေဒါနိုင်ငံမှာ လုပ်ခဲ့တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ဂျီဆဲဗင်းထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်တယ်။ ပြောဆိုတဲ့ နေရာဌာန မတူသလို ပြောဆိုခဲ့ကြတဲ့ ရခိုင်အရေးကိစ္စတွေကလည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ပုံစံတွေ ဘင်္ဂလားဒေ့ရှ်ကို ပေးပို့ထားတာ ဘင်္ဂလားဒေ့ရှ်က ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ပေးတာ မရှိဘူး။ ဒီပုံစံတွေကို ဖြန့်ဝေပေးခြင်း မရှိရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေ မသိကြရင် ကျမတို့အနေနဲ့ ဒုက္ခသည် ဌာနေပြန်ရေး လုပ်ငန်းစဉ် အလျင်အမြန် တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။

ကနေဒါက ဂျီဆဲဗင်းအစည်းအဝေးမှာ ဘဂ်လားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောခဲ့တာက သူတို့ဆီ ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းကင်းနဲ့ ပြန်နိုင်ဖို့ နှစ်နိုင်ငံ သဘောတူညီချက်ကို အကောင်အထည်ဖော်လာအောင် မြန်မာနိုင်ငံကို စည်းရုံးပြောဆိုပေးဖို့။ မြန်မာဘက်က ပို့ထားတဲ့ ဒုက္ခသည်စိစစ်ရေးပုံစံကို ဒုက္ခသည်တွေဆီ ဖြန့်မပေးတဲ့ နိုင်ငံဝန်ကြီးချုပ်က အနောက်နိုင်ငံ ခေါင်းဆောင်တွေ တက်တဲ့ အစည်းအဝေးတခုကို သွားပြီး ဒီလိုစကားတွေ ထုတ်ပြောနေတာ တရားသဖြင့် ဖြစ်ရဲ့လား။ မူယာမာယာတွေနဲ့ ဒေါ်လာတွေ လှိမ့်ဝင်လာအောင် ငိုပြနေတာလား ဆိုတာ အင်မတန် သံသယဖြစ်စရာကောင်းတယ်။

မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကတည်းက ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပြီးသား။ ဒါကို မျက်ကွယ်ပြုပြီး ကမ္ဘာ့နိုင်ငံတွေက ဒုက္ခသည် ပြန်လက်ခံရေး စည်းရုံးပြောဆိုပေးဖို့ တိုက်တွန်း ဆိုတော့ ငါးဖယ်က ပြောင်းပြန်လို့ပဲ ပြောရတော့မယ်။

ပြောသေးတယ်။ ရခိုင်အကြံပေးကော်မရှင် အကြံပေးချက်အတိုင်း အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံအစိုးရကို ပြောပေးပါတဲ့။

ဂျပန်သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခသည် လက်ခံဖို့ ဘယ်တော့လောက် လုပ်ငန်းစတင်နိုင်မလဲလို့ မေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က "ဒါကတော့ မြန်မာနိုင်ငံအပေါ်မှာရော၊ ဘင်္ဂလားဒေ့ရှ်အပေါ်မှာပါ မှီတည်နေပါတယ်။ နှစ်ဦးနှစ်ဖက် လုပ်ကြရမယ့် လုပ်ငန်းစဉ် တခုပါ။ ဒုက္ခသည်တွေကို ပုံစံတွေ ထုတ်ပေးတာ၊ ရခိုင်ပြည်နယ်ကို ပြန်လာဖို့ ဘယ်လုပ်ငန်းစဉ် အဆင့်ဆင့်တွေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကို ပြည့်ပြည့်စုံစုံ အသိပေးတာတွေ မလုပ်သေးသရွေ့ ကျမတို့အနေနဲ့ လုပ်ငန်းစဉ် အမြန်တိုးတက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ရှင်သိတဲ့အတိုင်း လူအချို့ ပြန်လာခဲ့ကြပေမယ့်လည်း တရားဝင်လမ်းကြောင်းတွေအတိုင်း မဟုတ်ဘူး။ ပြန်လာသူအချို့က သူတို့အနေနဲ့ ပုံစံတွေဖြည့်ဖို့ လိုအပ်တယ်ဆိုတာကို မသိတဲ့အကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း သွားရမယ် ဆိုတာကိုလည်း မသိကြောင်း ပြောကြပါတယ်။"

ဒီလို ဖြေသွားတာကိုကြည့်ရင် ဒုက္ခသည် လက်ခံရေးကိစ္စမှာ ဘဂ်လားဒေ့ရှ်ဘက်က အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိတာ အထင်အရှား တွေ့မြင်နိုင်တယ်။ တခါ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း မြန်မာအစိုးရ လုပ်၊ မလုပ်။ ဒေါ်အောင်ဆန်းစုကြည် ဘာပြောသလဲ ကြည့်ကြရအောင်ပါ။

"ဒေါက်တာကိုဖီအာနန် ကော်မရှင်နဲ့ ကျမတို့ရဲ့ အကြံပေးအဖွဲ့တို့ရဲ့ အကြံပြုချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်ဆိုတာကို ကျမ အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပြီးပါပြီ။ ဉာဏ်ပညာ အမြော်အမြင်လည်းရှိ၊ စိတ်စေတနာကောင်းလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်သူတွေနဲ့ ဒီကော်မရှင်နဲ့ အကြံပေးအဖွဲ့ နှစ်ဖွဲ့စလုံးကို ဖွဲ့စည်းခဲ့တာပါ။ ဒါကြောင့် သူတို့ရဲ့ အကြံပြုချက်တွေကို ကျမတို့က အလွန်ကိုပဲ အလေးအနက်ထား ဆောင်ရွက်ပါတယ်။ မြန်မာအစိုးရဘက်က အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ကြိမ်ဖန်များစွာ ပြောထားလို့ မြန်မာပြည်သူတွေတော့ နားတောင်လျှံနေပါပြီ။ ဒါကို မမြင် မကြားသလို လုပ်နေတာတော့ လုပ်နေသူတွေရဲ့ မကြား မမြင်လိုတဲ့ ပြဿနာဖြစ်ပါလိမ့်မယ်။ ရခိုင်အရေးနဲ့ ပတ်သက်လို့ နောက်ဆုံး အရေးအကြီးဆုံးအချက်တခုကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တယ်။

"ကျမတို့နိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ကျမတို့ ဒီလိုမျိုး ကိုင်တွယ် ဆောင်ရွက်ရလဲ ဆိုတာကို ပြည်ပကလူများသာမက ပြည်တွင်းမှာ နေထိုင်သူတွေကလည်း ကောင်းစွာသိရှိသင့်တယ်။ ကျမတို့ ပြည်သူတွေ ရေရေရာရာ သိရှိသင့်တယ်ဆိုတာ အရေးအကြီးဆုံး အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ကျမတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးတိုးတက်ကောင်းမွန်မှုတို့ကို ကျမတို့ကိုယ်တိုင်ကပဲ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်လို့ပါပဲ။”

ပြည်သူတွေအားလုံး ရခိုင်အရေး ခြေခြေမြစ်မြစ် သိရှိအောင် ကြိုးပမ်းအားထုတ်ထားကြဖို့ တိုက်တွန်းပြောသွားတယ်။ ရခိုင်အရေးမှာ အမျိုးသမီးခေါင်းဆောင် နှစ်ဦး ဘာတွေပြောလို့ ဘာတွေထူးဆိုတာ ကောက်နုတ်တင်ပြလိုက်ရခြင်း ဖြစ်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013