DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေ (ရုပ်သံ)
DVB
·
June 17, 2018
ရေးမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ အရေးပေါ်ကယ်ဆယ်ရေးလိုအပ်နေ (ရုပ်သံ)
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ဇွန် ၁၇ ရက် မနက်က စတင်ရေကြီးနေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူညီတွေ လိုအပ်နေတယ်လို့  သိရပါတယ်။

“ဒီနေ့မနက် ၃ နာရီလောက်က စတက်လာတာ။ အခုဆိုရင် ရေကတက်တာ မြန်တယ်။ ၄ ပေ၊ ၅ ပေအထိ တက်လာတယ်။ အနိမ့်ပိုင်းမှာနေတဲ့ ဈေး၊ လူနေအိမ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေပါ ကယ်ဆယ်ရေးတွေလိုအပ်နေတယ်” လို့ မြို့ခံ အောင်နိုင်မိုးက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်ရောင်းသူ ကိုအောင်မျိုးသန့်က အခုရေကြီးတာ မိုးအားကောင်းတာကြောင့်နဲ့ ချောင်းမြောင်းတိမ်ကောလာတာကြောင့် ရေက နာရီပိုင်းအတွင်း ရေတက်မြန်တာဖြစ်ပြီး နေအိမ်တွေ ရေနစ်မြုပ်လာတဲ့အတွက် ပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။

“ရေကတက်လာတာ၊ အခုဆို လူတွေ အရေးပေါ်ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်။ သိတဲ့ လူတွေအိမ်မှာ သွားနားခိုတဲ့သူတွေ ရှိသလို အများကတော့ နေစရာမရှိဘူး။ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေ အကူညီတွေ လိုအပ်နေတယ်” လို့ ရေးဘေးသင့် ဦးအောင်ရီက ပြောပါတယ်။

လက်ရှိမှာ မြသီတာဈေးနဲ့ အောင်သီတာဈေးက ပစ္စည်းတွေ စတင်ရွှေ့ပြောင်းနေရပြီး ကျောင်းရွာ ချောင်းတောင်ကျေးရွာမှ လူနေအိမ်၊ စာသင်ကျောင်းတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့က နေအိမ်တွေ ရေဘေးဒဏ်ခံနေရပြီး လျှပ်စစ်မီးလည်း ယာယီဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် ဒေသခံတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ဘယ်လောက် ရေဘေးသင့်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရမှုအခြေနေတွေကို ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013