Homeမေးမြန်းခန်း
စစ်ရှောင်စခန်းသွားလာခွင့် တားမြစ်ခံရမှုအပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌကို မေးမြန်းချက်
စစ်ရှောင်စခန်းသွားလာခွင့် တားမြစ်ခံရမှုအပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌကို မေးမြန်းချက်
DVB
·
June 16, 2018
ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (ကေဘီစီ) က သိက္ခာတော်ရ ဦးဇော်တူးနဲ့အဖွဲ့ကို နယ်စပ်မှတ်တိုင် ၆၊ ၈ က တိုက်ပွဲရှောင်မိသားစုတွေကို တွေ့ဆုံထောက်ပံ့မှုကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး သူရမျိုးတင်က အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ကေဘီစီက ပြောပါတယ်။
အဲဒီစခန်းတည်ရှိတဲ့နေရာက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နယ်မြေဖြစ်လို့ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ အရေးယူဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် နောက်နောင်လုံးဝ သွားရောက်မှုမရှိစေဖို့ ပါရှိတယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌခလမ်ဆမ်ဆွန်ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။
မေး။ ။ ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (ကေဘီစီ) က သိက္ခာတောရ ဦးဇော်တူးအပါအဝင် အဖွဲ့ဝင် ၂၀ ကို ကချင်နယ်လုံဝန်ကြီးက အကြောင်းကြားစာပေးပို့ခဲ့တာဟုတ်ပါသလား။
ဖြေ။ ။ ကျနော်တို့ရဲ့ နယ်အဖွဲ့တဖွဲ့ကို တိုက်ရိုက်စာရေးတယ်၊ အဲဒီအမှတ် ၆ နဲ့ ၈ က နယ်စပ်တစ်လျှောက်မှာရှိတယ်၊ ဒုက္ခသည်စခန်းတွေ ထောက်ပံ့ပေးနေတဲ့နေရာတွေ။ အဲဒီနေရာတွေက ကျနော်တို့ အမြဲသွားလာနေတဲ့နေရာတွေပဲ၊ ၇ နှစ်တောင်ရှိပြီ။ ဒီတခေါက်က သူတို့က ဆုတောင်းပေးတာတို့၊ သွားအားပေးတာတို့ ထောက်ပံ့ပစ္စည်းပေးတာတို့ အမြဲတမ်းလုပ်တယ်။ သူတို့က သွားနေကြနေရာတွေပဲ။ နယ်စပ်က သွားလည်းရတယ်၊ မြန်မာပြည်အထက်ဘက်က သွားလည်းရတယ်။ သူတို့က မြန်မာပြည်ထဲက နေသွားတာပေါ့၊ အဲလိုသွားတာကို အခုလိုစာရေးလာတာပေါ့။ ကျနော်တို့က အဲဒါနည်းနည်းတော့ အံ့သြတယ်။
မေး။ ။ မြောက်ပိုင်းတိုင်းတိုင်းမှူးကလည်း ဘာသာရေးအဖွဲ့အစည်းတခုကို ၁၇ (၁) နဲ့ အရေးယူမယ်လို့ ပြောထားသလို အခုလည်း နယ်လုံဝန်ကြီးက တိုက်ပွဲရှောင်စခန်းတည်ရှိတဲ့နေရာက ကေအိုင်အေ နယ်မြေဖြစ်တဲ့အတွက် ၁၇ (၁) နဲ့ အ ရေးယူလို့ရတဲ့ကိစ္စဖြစ်လို့ နောက်နောင် လုံးဝသွားရောက်မှုမရှိဖို့ ပြောလာတော့ ကေဘီစီ အနေနဲ့ ဘာဆက်လုပ်သွားမလဲ။
ဖြေ။ ။နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်တွေက အများဆုံးဖြစ်တယ်။ ကျနော်တို့က ယူအန် (ကုလသမဂ္ဂ) အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီးတော့ သွားနေတယ်ဆိုတော့ ဆက်သွားဦးမှာပဲ။ ကျနော်တို့ ရည်ရွယ်ချက်က ကေအိုင်အေကို ပံ့ပိုးတာမဟုတ်ဘူး၊ ဒုက္ခသည်တွေကို ပံ့ပိုးတာဖြစ်တယ်။ ကျနော်တို့ ခံယူချက်ကတော့ ရိုးရိုးသားသားရှင်းရှင်းလင်းလင်းပါပဲ။ ကျနော်တို့ကတော့ လိုအပ်ရင်တော့ ယူအန်ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း ကမ္ဘာ့စားနပ်ရိက္ခာ ပံ့ပိုးတာတို့ အမြဲတမ်းလုပ်တယ်။ ကျနော်တို့ကတော့ ထောက်ပံ့ရေးပစ္စည်းတွေကတော့ ဆက်သွားနေဦးမှာပဲ။
မေး။ ။ တပ်မဟာ ၂ က အခုတတပ်လုံး ရှောင်သွားတယ်။ ဒါပေမယ့် သူတို့တွေထဲက တချို့က ဒုက္ခသည်တွေနဲ့ရောနေနိုင်တယ်ဆိုတဲ့ တဖက်က စိုးရိမ်မှုတွေလည်း ရှိနိုင်တဲ့အတွက်ကြောင့် အခုလိုထောက်ပံ့မှုတွေကို ကန့်သတ်လာတာလား။
ဖြေ။ ။ အမှန်ဆိုရင် တပ်မဟာ ၂ အောင်လော့ဒ်ဘက်မှာရှိတဲ့ သူတွေက အကုန်လုံးပြန်လာကြပြီ။ အကုန်လုံး ဒုက္ခသည်စခန်းတွေကိုရောက်နေပြီဆိုတော့ ဒီကိစ္စကတော့ ကျနော်တို့အနေနဲ့ ဆက်ဖြစ်နေတဲ့သူတွေမရှိတော့ဘူး၊ မရှိတော့ဘူးဆိုတော့ ကျနော်တို့အနေနဲ့ အဲဒီဘက်မှာသွားလုပ်ဖို့တော့ မရှိတော့ဘူး။
မေး။ ။ အခုနယ်လုံဝန်ကြီးရဲ့ အကြောင်းကြားစာနဲ့ ပတ်သက်ပြီးတော့ ဆရာတို့က ဆက်ပြီး ထောက်ပံ့နေဦးမှာလား၊ ဒါမှမဟုတ် ရပ်လိုက်မှာလား။
ဖြေ။ ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရကို စာရေးဖို့ အခုကျနော်တို့ လုပ်နေတယ်။ ဝိုင်းမော်အဖွဲ့ကို တိုက်ရိုက်လိပ်မှုတဲ့အတွက်ကြောင့်မလို့ ဒီကိစ္စကို ဘယ်လိုကြောင့် ဒီအချိန်မှစာရေးရတာလဲဆိုတာကို ဖြေရှင်းချက်တောင်းဖို့ အခု ကျနော်တို့ စာရေးဖို့ လုပ်နေပါတယ်။
မေး။ ။ လက်ရှိ ကချင်ပြည်နယ်တိုက်ပွဲအခြေနေတွေနဲ့ ဒုက္ခသည်အခြေနေရော ဘာတွေထူးခြားတာရှိလဲ။
ဖြေ။ ။ အခုတိုက်ပွဲအခြေနေကတော့ မရှိသလောက်ကို နည်းသွားပါပြီ။ ဒုက္ခသည်အရေးကတော့ နေရပ်ပြန်နိုင်ရေးအတွက်ကို ကျနော်တို့ စဉ်းစားနေတယ် ။ အောင်လော့ဒ်ဘက်ကတော့ လုံခြုံမှုမဖြစ်သေးဘူး။ နှစ်ဘက်အခြေနေက စစ်ရေးဗျူဟာက ရပ်နေတာလား၊ ဆုတ်နေတာလားဆိုတာ နာမလည်တော့ ဆုံးဖြတ်ချက်ချဖို့ကခက်တယ်။
မေး။ ။ အခုလို အကြောင်းကြားလာတာရှိတော့ ကေဘီစီ ရဲ့ ကူညီထောက်ပံ့မှုလုပ်ငန်းတွေအတွက် ဘယ်လောက် အဟန့်အတားဖြစ်နိုင်လဲ။
ဖြေ။ ။ အများကြီးအဟန့်အတားဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေကို ကျနော်တို့ ကေဘီစီ ကူညီလာတာ။ အခုကျနော်တို့ ရုံးတောင် လိုင်ဇာမှာရှိတယ်လေ။ ရုံးခွဲရှိတော့ အရင်တုန်းက အိုင်စီအာစီလည်း ရှိတယ်။ နယ်စပ်တလျှောက်မှာ ကူညီနေတဲ့အဖွဲ့တွေက ကေဘီစီပဲ မဟုတ်ဘူး၊ အားလုံးပူး ပေါင်းပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စတွေပဲပေါ့။ ကေအိုင်အေ နယ်မြေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို အထောက်ပံ့ပေးတာကို ၁၇ (၁) နဲ့ ငြိစွန်းမယ်ဆိုတော့ ကျနော်တို့တော့ မတက်နိုင်ဘူးပေါ့။ အထောက်ပံ့ပစ္စည်းတွေကိုတော့ Project ကာလမှာတော့ ကျနော်တို့ ထောက်ပံ့ရမှာပဲ။ အဲဒီမှာ ထောက်ပံ့နေတာက ယူနီဆက် UNHCR ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တွေ အားလုံးပါတယ်။
မေး။ ။ ကချင်ပြည်နယ်တခုလုံးမှာ ဒုက္ခသည်စခန်းအရေအတွက်နဲ့ လူဦးရေ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ အခုထပ်တိုးလာတာ ၇၀၀၀ ဝန်းကျင်ရှိတယ်။ ရှိနေပြီးသား ဒုက္ခသည်စခန်းတွေကိုလည်း ပြုပြင်ရမယ့်အခြေနေမှာရှိတယ်။ ပညာရေးကတော့ အတိုင်ပင်ခံနဲ့တွေ့ပြီးတဲ့နောက်မှာ အတော့်ကို ကောင်းတယ်လို့မြင်တယ်။ နောက်ပိုင်း အစိုးရရဲ့ထောက်ပံ့ပစ္စည်းတွေလည်း ရလာတာတွေရှိတယ်။ သူတို့လိုအပ်ချက်တွေကို အရင်လိုတော့ လုပ်မပေးနိုင်တော့ဘူးပေါ့။ နိုင်ငံတကာရဲ့ပံ့ပိုးမှုကလည်း လျော့လာတယ်ဆိုတော့။
မေး။ ။ ပြည်နယ် ၄ ခုက မြို့နယ်တချို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို အစိုးရက ပိတ်ဖို့လုပ်မယ်ဆိုပြီး ပြောထားတော့ အဲဒီအကျိုးဆက်က ဘာတွေဖြစ်လာနိုင်သလဲ။
ဖြေ။ ။ အဲဒါလည်း ကျနော်တို့ နားမလည်ဘူးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်သိမ်းမယ်လို့ပြောတဲ့အချိန်မှာ ရခိုင်နဲ့ ကချင်အကြောင်းအရာက နည်းနည်းကွာတယ်။ ကချင်က နှစ်ဖက် စစ်ဖြစ်နေတဲ့နေရာဆိုတော့ ဒုက္ခသည်စခန်းတွေ ရုပ်သိမ်းပြီး နေရပ်ပြန်မယ်ဆိုတဲ့နေရာမှာ ကျနော်တို့ မြေမြှုပ်မိုင်းတွေကိစ္စ၊ တိုက်ပွဲပြန်ဖြစ် ရင် ဘယ်သူက အာမခံမလဲပေါ့။ ကျနော်တို့သွားမယ်၊ အစိုးရက အာမခံပေးမလားပေါ့။ တိုက်ပွဲဖြစ်လာရင် အသက်လုံခြုံမှုကို ဘယ်လောက်ထိ အာမခံပေးနိုင်မလဲဆိုတဲ့ပေါ်မှာလည်း အများကြီးမူတည်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ထောက်ပံ့ရေးပေးနေတာက ကေဘီစီ တခုတည်းမဟုတ်ဘဲ တခြားဘာသာရေးအဖွဲ့စည်းတွေလည်း ထောက်ပံ့နေတာရှိတော့ တခြားအဖွဲ့အစည်းတွေကြား အမြင်စောင်းလာနိုင်လား။
ဖြေ။ ။ ကျနော်တို့ ကေဘီစီကိုပဲ ဖိအားပေးနေသလားပေါ့။ တခြားအဖွဲ့အတွက်လည်း ထိခိုက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့သွားလို့ မရဘူးဆိုရင် တခြားလူမှုအဖွဲ့အစည်းတွေသွားရင်လည်း ဒီ ၁၇ (၁) နဲ့ ငြိမှာပဲ။ ကျနော်တို့က ငြိပြီး တခြားအဖွဲ့က မငြိဘူးဆိုရင်လည်း မျှတမှုမရှိဘူးလေ၊ အားလုံးပေါ် သက်ရောက် မှုရှိမယ်လို့ ယုံကြည်တယ်။
မေး။ ။ ဧပြီလအတွင်းက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေကို တရားဝင်ဒုက္ခသည်စခန်း ဆောက်လုပ်နေထိုင်ခွင့် အစိုးရကခွင့်မပြုတဲ့အပေါ် ဆွေးနွေးနေတာကရော ထူးခြားမှုရှိလား။
ဖြေ။ ။ အခုကျနော်တို့ တနိုင်းကိစ္စကို ထပ်ပြောနေပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေကိုလည်း တင်ပြထားတာရှိတယ်။ ပြည်နယ်အစိုးရကိုလည်း တင်ပြထားတာရှိတယ်။ ပြည်ထောင်စုဝန်ကြီး လူကယ်ပြန်ကတော့ ယာယီခွင့်ပြုတာပေါ့။ တနိုင်းကိစ္စမှာတော့ ကျနော်တို့ ဒုက္ခသည်စခန်းဆောက်ဖို့ကိစ္စ ကအတော်ပြန်လုပ်ရဦးမယ်။